Vol 4, No 7, July, 2015 Issue

7_July

        Food Magazine  ကိုအားပေးနေကြတဲ့ ပရိသတ်များကို “မင်္ဂလာပါ” လို့ ထပ်မံနှုတ်ခွန်းဆက်သခွင့်ရပြန်ပါပြီ။ မိုးထဲလေထဲမှာလည်း Food Magazine ပင်တိုင်ရေးသားနေကြတဲ့ စားဖိုမှူးများက ကိုယ်တိုင်ဈေးဝယ် လိုချင်တဲ့ ပါဝင်ပစ္စည်းတွေကို မရမကစုဆောင်းပြီး စာဖတ်သူများအတွက် မရိုးနိုင်တဲ့ဟင်းချက်နည်းတွေကို အစဉ်အလာမပြတ် တင်ဆက်ပေးထားပါတယ်။ ကျွန်တော်တို့ Food Magazine စားဖိုမှူးတွေဟာ ကိုယ်ဝါသနာပါရာ ဟင်းချက်နည်းလေးတွေရှာဖွေတင်ပြရင်း တစ်ဖက်မှာလည်း ကိုယ်စီကိုယ်စီဘဝများမှာ တာဝန်ကိုယ်စီနဲ့ ဘဝနေ့ရက်တွေကို လှုပ်ရှားရုန်းကန်ရင်း တစ်ယောက်နဲ့ တစ်ယောက် ခင်ခင်မင်မင် တွေ့ဆုံခွင့်ရကြတဲ့အချိန် အရမ်းနည်းပါတယ်။ ရှားရှားပါးပါးတွေ့ရတဲ့ အချိန်တွေဆိုလည်း သူ့မိသားစု၊ ကိုယ့်မိသားစုတွေ နှစ်ပေါင်းများစွာ ခွဲပြီးမှ ပြန်တွေ့ရတဲ့သူတွေအလား တဝါးဝါး၊ တဟားဟားနဲ့ စကြ၊ နောက်ကြ ပွဲကျပျော်ရွှင်ခဲ့ရတဲ့အချိန်တွေပဲ များပါတယ်။ ဒီအတွက်လည်း Publisher ဖြစ်သူ ကိုသုတကိုလည်း ကျေးဇူးတင်ရပါတယ်။ သူကဦးဆောင်ပြီး တွေ့ကြရအောင်ဆိုပြီး စီစဉ်ပေး၊  ချိန်းပေး အစအဆုံး ဒကာလည်း ခံရတာပေါ့။ သူစီစဉ်ပေးပြီး တွေ့ကြရတော့လည်း သူ့အတင်းပဲပြောနေကြတာပါ (ဒါလေးကတော့ ထိပ်တန်းလျှို့ဝှက်ပေါ့နော်)။ အမြဲတမ်း ပြုံးပြုံးပြုံးပြုံးနဲ့နေတတ်တဲ့ ကိုသုတခမျာမှာ ဘယ်သူ ဘာပြောပြော ပြုံးပြီးသာနေလေတော့ပဲ။ ပြီးခဲ့တဲ့ June လထဲ MEP မှာလုပ်သွားတဲ့ Food and Hotel Myanmar 2015 ပြပွဲမှာလည်း ကိုသုတအစီအစဉ်နဲ့ ကျွန်တော်တို့မောင်နှမတွေ ဆုံဖြစ်ကြပြန်ပါတယ်။ ဒီလိုနေ့မျိုးတွေဆို အားလုံးအပျော်တွေနဲ့ပေါ့ Food Magazine အတွက် တာဝန်တွေကိုယ်စီနဲ့  ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြရင်း ပြပွဲထဲကိုလည်း လှည့်ပတ်ကြည့် ပြခန်းတွေက ကျွေးသမျှလှည့်ပတ်စားကြ ပြပွဲကြည့်ပြီး ရလာတဲ့ Idea အသစ်တွေလည်း တိုင်ပင်ကြနဲ့ အလုပ်လုပ်နေတယ်လို့လည်း မခံစားရ မပင်ပန်းကြပါဘူး။ Food and Hotel Myanmar 2015 ပွဲကြီးကလည်း ခမ်းနားကြီးကျယ်စွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒီပွဲမှာ နိုင်ငံတကာက ကုမ္ဗဏီကြီးတွေ လာရောက်ပြသတဲ့ ဝန်ဆောင်မှုတွေနဲ့ ပစ္စည်းတွေကိုမြင်ရတော့ ကိုယ်တွေဘယ်လောက် အရှိန်မြှင့် ကြိုးစားဖို့ လိုနေသေးလည်းဆိုတာတွေကိုလည်း သိလာရပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဒီပွဲကြီးကရလိုက်တဲ့ အတွေ့အကြုံ တွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒီအတွေ့အကြုံတွေနဲ့ ကျွန်တော်တို့ သင်ယူတတ်မြောက်လာခဲ့တဲ့ အသိပညာတွေပေါင်းစပ်ပြီး စာဖတ်ပရိသတ်များကို ပြန်လည်တင်ပြပေးရဦးမှာဖြစ်ပါတယ်။ ဒီတစ်လမှာလည်း ကျွန်တော်တို့အဖွဲ့တွေက စာဖတ်ပရိသတ်များအတွက် မရိုးရအောင် ကွဲပြားဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့  Food Magazine July Issue ကို ပို့ဆောင်လေးလိုက်ပါပြီ။  အစီအစဉ်သစ်တစ်ခုအနေနဲ့ အာဂစီစဉ်ပေးထားတဲ့ Leader’s in the Kitchen ကို ဒီလကစပြီး တင်ဆက်ပေးထားပါတယ်။ နယ်ပယ်အသီးသီးက အောင်မြင်နေကြသူများနဲ့တွေ့ဆုံပြီး သူတို့လက်ရာ အစားအသောက်လေးများနဲ့ အစားအသောက်အပေါ်မှာ မြင်ကြတဲ့ မတူညီကြတဲ့အမြင်တွေနဲ့  သူတို့တွေရဲ့ စားသောက်မှုအလေ့အထတွေကိုပါ လေ့လာမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ နောက်လများမှာလည်း ဘယ်လိုဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ပရိသတ်များလက်ထဲကို ရောက်လာဦးမယ်ဆိုတာကို ဆက်လက်စောင့်စားအားပေးကြပါဦးလို့ တင်ပြပေးလိုက်ရင်း . . . ။

အစဉ်ထာဝရလေးစားလျက်
သစ်ထူး
Food Edito

Facebook Comments