Vol 4, No 9, September, 2015 Issue

8_2015_Auguest (final)

      Food Magazine ချစ်စွာသောစာရှုသူများ မင်္ဂလာပါ။ Food Magazine အဖွဲ့သားအားလုံး စက်တင်ဘာလထုတ်အတွက် ပြင်ဆင်နေကြရတဲ့ ခုလသြဂုတ်လမှာ အားလုံးသိကြတဲ့အတိုင်း နေရာတော်တော်များများမှာ ရေးကြီးရေလျှံ မြေပြိုမူများ ကြုံတွေ့နေကြရသည်။ လူမူကွန်ယက် မီဒီယာများမှာလည်း ရေဘေးအကြောင်းအရာများ ပြည့်နေသည်။ ဝမ်းနည်း၊ စာနာစရာ၊ ဝမ်းသာကြည်နူးစရာများက ဖတ်လို့မကုန်၊ ဝမ်းနည်းရသည်က ရေဘေးသင့်နေရာတွေမှာ ဒုက္ခရောက်ရပုံနဲ့ ကြည်နူးစရာတွေကတော့ ရေဘေးသင့်လို့ ဒုက္ခရောက်တဲ့သူတွေကို ပရဟိတ အဖွဲ့စည်းများ အပါအဝင် အားလုံးက တတ်တတ်ကြွကြွ ကူညီကြတာပါ။ ရှေ့လျောက်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကျန်နေသေးသည် (ချင်းပြည်နယ် ဟားခါးမြို့တစ်မြို့လုံး ပြောင်းရမည်ဟု သိရသည်) ဒါ့အပြင် နိုဝင်ဘာလထဲတွင် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံအရေး၊ စီးပွားရေးအခက်ခဲများလည်း ရှိနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံး သတိ၊ ပညာ၊ ဥာဏ်ရှိရှိ ကြိုးစားကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်သည်။

       ခုလ သြဂုတ်လဆန်းပိုင်းက အရင်အကြောင်းအမျိုးမျိုးပြ ရွှေ့ရွှေ့ထားခဲ့တဲ့ သင်ယူလေ့လာရန် အစီစဉ်တစ်ခု စနိုင်ခဲ့သည်။ Bakery and Pastry သင်တန်းကို Lotus သင်တန်းကျောင်းမှာ တက်ဖြစ်သည်။ အလုပ်နဲ့ဆက်စပ်နေသည်က တစ်ကြောင်း၊ အတွေ့ကြုံသစ်ဖြစ်တာကြောင့်နဲ့ နဂိုကတည်းက စိတ်ဝင်စားတာကြောင့် ကြိုးကြိုးစားစား သင်ယူလေ့လာဖြစ်သည်။ Bread (ပေါင်မုန့်) အပိုင်းက Croissant ကို သင်ယူလေ့လာရင်း လုပ်နည်း နည်းစနစ်က စိတ်ဝင်စားဖို့ကောင်းတာကြောင့် Croissant ဘယ်ကစလဲ လက်လှမ်းမှီသလောက် ဖတ်ကြည့်ဖြစ်သည်။ Austria ကစခဲ့ပြီး ပြင်သစ်တို့က ပိုမိုအဆင့်မြင့် ဆန်းပြားရှုပ်ထွေးအောင် လုပ်နိုင်ခဲ့ကြသည်ဟု ဆိုသည်။ (နောက်များမှ အရှည်ဖော်ပြနိုင်အောင် ကြိုးစားပါမည်) သိကြတဲ့အတိုင်း အောင်မြင်တဲ့ လူသိများတဲ့ပေါင်မုန့်၊ အထူးသဖြင့် အနောက်နိုင်ငံများတွင် မနက်စာပြင်ဆင်ရာမှာ မပါမဖြစ် ဖြစ်လာဖို့ဆိုရာမှာ လွယ်လွယ်နဲ့မဖြစ်နိုင်ဟု ထင်သည်။ မုန့်စားပွဲတွင် ဒိုးသားဖြစ်အောင် ဂျုံကိုနယ်ရင်း အကြိမ်ကြိမ်တွေးတော စမ်းသပ်ခဲ့ရပေလိမ့်မည်။

       Food Magazine  စက်တာဘာလထုတ်ကို ပါဝင်နေကျ Food Magazine နာမည်ကြီး ပင်တိုင်ဟင်းလက်ရာရှင်များရဲ့ ဟင်း၊ မုန့်၊ အဖျော်လက်ရာ အစုံအလင်နဲ့ ကြိုးစားတင်ဆက်လိုက်သည်။ ပင်တိုင် ဟင်းလက်ရာရှင်များသည်လည်း သူတို့ရဲ့ ချစ်ပရိတ်သက်ကြီးကို တစ်လထက်တစ်လ ပိုမိုကောင်းမွန်တဲ့လက်ရာတွေ တင်ဆက်နိုင်ဖို့အတွက် သူတို့ ရဲ့ Kitchen ထဲမှာ၊ မုန့်စားပွဲမှာ၊ ဘားကောင်တာမှာ Apron တစ်ဖားဖား၊ Chef Jacket တစ်ကားကားနဲ့ ကြိုးစားအားထုတ်ကြရမှာ သေချာသည်။ ဒါကြောင့် သူတို့နဲ့ သူတို့လက်ရာတွေ အားပေးဖတ်ရှုသော စာရှုသူများကို ကျေးဇူးတင်ရင်း ချစ်စွာသော စာရှုသူများ စက်တင်ဘာလထုတ် Food Magazine ကိုလည်း ဖတ်ရှုကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိသည်။

    သုတ

    အယ်ဒီတာချုပ်
    (၁၃.၈.၂ဝ၁၅)

Facebook Comments