Vol 4, No 8, August, 2015 Issue

Cover

          Food Magazine ကို ဖတ်ရှုအားပေးနေကြတဲ့ စာဖတ်ပရိသတ်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရမယ့်အချိန်ရောက်လို့လာပြန်ပါပြီ။ ဒီနှစ် မြန်မာနက္ခတ် အယူအဆအရ ပြက္ခဒိန်မှာ ဝါထပ်တဲ့နှစ်ဖြစ်တာကြောင့် July ကုန်ပြီး August လမှာမှ ဝါဝင်ပါတယ်။ မြန်မာပြည်မှာ သူများနိုင်ငံတွေနဲ့မတူတဲ့ ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အယူအဆတွေရှိတာကလည်း မြန်မာပြည်သားမဟုတ်သော တိုင်းတစ်ပါးသားများကို စိတ်ဝင်တစားသတိပြုလေ့လာမိစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းအစဉ်အလာ၊ တောတောင်ရေမြေသဘာဝ၊ ယဉ်ကျေးမှုဆိုင်ရာ တွေးခေါ်ဖန်တီးမှုတွေဟာ အများနည်းတူ ကွဲပြားစွာရှိတတ်ကြပေမယ့် တိုင်း တစ်ပါးသားတွေအနေနဲ့ တစ်မူထူးပြီး လေ့လာမှတ်သားရတာက မြန်မာတို့ရဲ့ ဘာသာရေးအခြေခံတဲ့ အလှူဒါနပြုကြခြင်းကိစ္စတွေဖြစ်ပါတယ်။ ဝါတွင်းကာလဆိုရင် မြန်မာပြည်တစ်နံတစ်လျား အလှူမရှိတဲ့နေရာ တော်တော်ရှာ ယူရပါလိမ့်မယ်။ နေ့စဉ် အိမ်ကိုကြွနေကြတဲ့ ဆွမ်းထိုင်ကိုယ်တော်တွေအပြင် အဖိတ်လပြည့် မခွဲဘဲ နေ့စဉ်ဆွမ်းကြီးလောင်းလှူပွဲတွေကိုပါ ခုလိုဝါတွင်း ကာလမှာ ပြုလုပ်ကြပါတော့တယ်။ Food Magazine ကလည်း ဘယ်နေရာမှာများ နောက်ကျန်နေခဲ့ပါမလဲခင်ဗျာ။ လစဉ် လစဉ် တင်ပြပေးနေတဲ့ဟင်း ချက်နည်းတွေက ဒီအလှူတွေအတွက်လည်း တစ်နေရာတစ်ထောင့်ကနေ အသုံးဝင် အသုံးတည့်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာဆန်ဆန်ဟင်းလျာတွေဆို အမြဲတမ်းအားကိုးတကြီး အလေးထားလေ့လာရတာက HTET FAMILY’S CREATION ရဲ့ ချက်နည်းလေးတွေနဲ့ ဆရာမကြီး ဒေါ်နန်း စန်းစန်းအေးတို့ရဲ့ လက်ရာတွေဖြစ်ပါတယ်။ နာမည်ကြီးဟင်းလျာတွေကို ကိုယ်ပိုင်ဟန် ကိုယ်ပိုင်နည်းစနစ်တွေနဲ့ တင်ဆက်လေ့ရှိတဲ့ Wutyee Food House ရဲ့ ဟင်းလက်ရာတွေကလည်း ချက်ပြုတ်နည်းအဆင့်ဆင့် တင်ပြထားတာကြောင့် လိုက်ပါချက်ပြုတ်ရာမှာ လွယ်ကူလျင်မြန်ပြီး၊ ဒီတစ်လမှာ တော့ ထူးထူးခြားခြား သူ့လက်ရာတစ်ခုက နိုင်ငံတော်အလံပုံစံလေးနဲ့ မြန်မာဘောလုံးအသင်းကို ဂုဏ်ပြုထားပြန်ပါတယ်။ ဟင်းလျာဆန်းဆန်းလေးတွေဆိုရင်တော့ Presenter Chef ကိုဆန်နီ၊ SYI LWIN FOODGARDEN တို့ရဲ့ လက်ရာလေးတွေက ပရိသတ်ကိုဖမ်းစားမြဲဖြစ်ပါတယ်။ EVY’s Kitchen နဲ့ Dexter’s Bistro တို့ရဲ့ မုန့်လုပ်နည်းတွေနဲ့ ဟင်းချက်နည်းတွေကလည်း တစ်မူထူးတဲ့အရသာ၊ ချက်ပြုတ်နည်းစနစ်တွေကြောင့် ပရိသတ်တို့ အကြိုက်တွေ့ရပါတယ်။ နောက်ထပ် ပါဝင်ရေးသားသူများဖြစ်တဲ့ ကိုမြင့်ဦးသာရဲ့ ကမ္ဘာ့ဒေသများက အရသာဆန်းပြားတဲ့ဟင်းလျာတွေ၊ Meemeetofu ၊ Sofia စတဲ့ လက်ရာရှင်များရဲ့ ချက်ပြုတ်နည်းတွေဟာလည်း လွယ်ကူလျင်မြန်ပြီး အိမ်ချက်စားချင်သူများ၊ ဒါနပြုလိုသူများအတွက်ပါ အသုံးတည့်နေမှာ အမြဲဖြစ်ပါတယ်။ အစားအစာနဲ့ကျန်းမာရေး အသိပညာအတွက်ဆိုရင်လည်း ဆရာကြီးဒေါက်တာဦးလှကြည်ရဲ့ Food and Health ကဏ္ဍကို ရှာဖွေဖတ်ရှု ရပါတယ်။ ဖျော်ရည်ပိုင်းမှာကြည့်မယ်ဆိုရင်တော့ ဒီတစ်လမှာ တာဝန်ယူတင်ဆက်ပေးထားတာ Bartender PYONE နဲ့ Coffee, Tea & Snack ကဏ္ဍက ကိုဇော်ဖုန်းတို့ရဲ့လက်ရာတွေနဲ့ ပြည့်စုံအောင် စာဖတ်သူပရိသတ် များအတွက် အစားအသောက်နဲ့ပတ်သက်တဲ့ နေရာကဏ္ဍ တော်တော်များများက ဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားနေတဲ့ မဂ္ဂဇင်းတစ်ဆောင်ဖြစ်နေရတာကိုက ကျွန်တော်တို့တစ်ဖွဲ့လုံး ကြိုးစားရကျိုးနပ်ပြီး ပင်ပန်းသမျှပြေ ဂုဏ်ယူကျေနပ်နေရင်း ပရိသတ်များလက်ထဲကို August လထုတ် Food Magazine ကို အရောက်ပို့ပေးလိုက်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments