Vol 4, No 6, June, 2015 Issue

6_June

Vol 4, No 6, June, 2015 Issue

         Food Magazine ကို ဖတ်ရှုအားပေးနေကြတဲ့ အစားအစာကောင်းနှစ်သက်ကြသူ စာဖတ်ပရိသတ်ကြီးကို မင်္ဂလာပါလို့ ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ်။ နွေနေပူပူကိုအံတုပြီး ဖြန့်ချိရေး ဝန်ထမ်းတွေ နောက်မ ကျစတမ်း ပို့ဆောင်ပေးလိုက်တဲ့ Food Magazine ကလည်း ယခင်လများနည်းတူ ကဏ္ဍစုံစုံလင်လင်နဲ့ ပိုပြီးစိတ်လှုပ်ရှား စိတ်ဝင်စားစရာ အမယ်စုံလင်တဲ့ အစားအစာချက်ပြုတ်နည်းတွေနဲ့ ပရိသတ်များရဲ့ လက်ဝယ်ရောက်လို့နေပါပြီ။ နွေနေပူပူအကြောင်းစဉ်းစားမိတော့ မေလဆန်းပိုင်းလေးကသွားခဲ့ရတဲ့ တစ်နေ့တာခရီးလေးကို သွားသတိရမိပါတယ်။ ကျွန်တော်ရယ်၊ ကိုသုတရယ်၊ ကိုသူတော်ရယ် ၃ ယောက်သွားခဲ့ကြတာပါ။ အပျော်ခရီးမဟုတ်ပါဘူး။ သွားခဲ့တဲနေရာကကော့မှူးမြို့နယ်ထဲက HCTA (HOSPITALITY AND CATERING TRAINING ACADEMY) သင်တန်းကျောင်းကိုပါ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ စီမံမှုအောက်မှာ တည်ထောင်ထားတဲ့ ဒီကျောင်းကို အစ္စရေး Celebrity Chef Avi Bitton သွားရောက်ပြီး စားဖိုမှူးသင်တန်းတက်ရောက်နေကြတဲ့ သင်တန်းသား၊ သင်တန်းသူတွေကို သူလက်ရာဟင်းချက်နည်းများကို ချက်ပြုတ်သရုပ်ပြသပေးတဲ့ခရီးစဉ်ကို အကြောင်းပြုပြီး ရောက်သွားတာဖြစ်ပါတယ်။ ပူပူလောင်လောင်ထဲသွားရတဲ့ခရီးမှာ ဟိုရောက်တော့ အံ့သြမင်သက်ဖြစ်ရပါတယ်။ ကော့မှူးလိုနေရာမျိုးမှာ ရန်ကုန်မှာတောင်မမြင်ဖူးတဲ့ အဆင့်မြင့်သင်တန်းကျောင်းတစ်ခုကို အစစလိုလေသေးမရှိရအောင် တည်ထောင်ပေးထားနိုင်တဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ စေတနာ၊ အမျှော်အမြင်နဲ့ လိုအပ်ချက်မှန်သမျှကို အချိန်တိုတိုနဲ့ ဖြည့်ဆည်းပေးနိုင်မှုစွမ်းအားကို အံ့သြရပါတယ်။ လေးလည်းလေး စားမိပါတယ်။ ဒီသင်တန်းကျောင်းမှာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့လိုအပ်ချက်တစ်ခုဖြစ်လာနေတဲ့ ဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်အတွက် အဓိကရည်ရွယ်ပြီး Certificate in Hotel Operation နဲ့ Certificate in Culinary Arts သင်တန်းတွေအတွက် တက္ကသိုလ်ဝင်တန်းအောင်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိတဲ့ လူငယ်မျိုးဆက်သစ်များကို ဝင်ခွင့်စာမေးပွဲတွေ အဆင့်ဆင့်စစ်ဆေးရွေးချယ်ပြီးမှ လက္ခံပေးနေတာဖြစ်ပါ တယ်။ ဒီသင်တန်းကျောင်းရဲ့ ရည်မှန်းချက်ကြီးမားမှုကတော့ တိုင်းပြည်အတွက် အားရစရာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် နိုင်ငံရပ်ခြားမှာရော ပြည်တွင်းမှာပါ စားသောက်ဆိုင်အလုပ်၊ ဟိုတယ်သင်တန်းများ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ကြီးမှာတောင် HCTA သင်တန်းကျောင်းလောက် သင်ထောက်ကူပစ္စည်းပြည့်ပြည့်စုံစုံနဲ့ သင်ယူခဲ့ရတဲ့သင်တန်းမျိုး မတွေ့မိခဲ့သေးပါဘူး။ တကယ့်ဟိုတယ်ကြီးမှာရှိတဲ့ ပစ္စည်းတွေအတိုင်း လက်တွေ့အသုံးချနိုင်အောင် သင်ကြားပြသပေးနေတာဖြစ်လို့ ဘေးကကြည့်နေတာနဲ့ တင်  ဒီကလေးတွေရဲ့အနာဂတ်ကို မှန်းဆကြည့်လိုရနေပါပြီ။ ဝမ်းသာစရာကောင်းတာက ဒီကျောင်းကို နောက်ကနေ ငွေအင်အားကောင်းကောင်းနဲ့ ပံ့ပိုးပေးနေတဲ့ဖောင်ဒေးရှင်းအပြင် ဒီကျောင်းကို စိတ်ရောကိုယ်ပါ နေ့စဉ် လည်ပတ်နေအောင် ဘဝနှစ်ပြီး ဝိုင်းဝန်းကြိုးစားနေကြသူတွေနဲ့ပါ တွေခွင့်ရပြီး သူတို့ရဲ့ခံယူချက်၊ ရည်မှန်းချက်တွေကိုပါ သိခွင့်ရလိုက်တာကိုပါ။ အားလုံးဟာ ကိုယ်ကျိုးမကြည့်ဘဲ မြန်မာပြည်အနာဂတ်အတွက် စေတနာ အပြည့်ထား ဖြည့်ဆည်းပေးနေတာကြတာဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ ဒီခရီးဟာ အပျော်ခရီးထွက်ခဲ့တာမဟုတ်ပေမယ့် ကျွန်တော်တို့ အပြန်လမ်းမှာတော့ ကြည်နူးကျေနပ်မှုပီတိတွေ နဲ့ ကျောင်းအတွက်ရော ကျောင်းသားလေးတွေအတွက်ပါ မုဒိတာပွားရင်းနဲ့ပြန်လာခဲ့ကြပါတယ်။

အစဉ်ထာဝရလေးစားလျက်
သစ်ထူး
Food Editor

Facebook Comments