Vol 4, No 5, May, 2015 Issue

Cover

Vol 4, No 5, May, 2015 Issue

Food Magazine စာဖတ်ပရိသတ်ကြီးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။
အချိန်တွေဘယ်လိုပြောင်းပြောင်း Food Magazine ကတော့ အချိန်မှန်ထွက်ရှိလို့လာ ပြန်ပါပြီ။ ကျွန်တော်ကလည်း စာဖတ်သူများကိုအစဉ်အလာမပြတ် နှုတ်ခွန်းဆက် စကားပြောရပြန်ပါပြီ။
ပြီးခဲ့တဲ့လများက ကျွန်တော့် အပြင်အလုပ်လေးတွေများနေတဲ့အချိန် Food Magazine ရဲ့Managing Editor ကိုသုတက ဒီတာဝန်ကို ကျွန်တော့်ကိုမပေးခဲ့ဘဲ သူကိုယ်တိုင်ပဲ အယ်ဒီတာစကားလေးတွေ ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော် စီးပွားရေးနဲ့ဆက်စပ်ပြီး သိလာတဲ့အသိတစ်ခုကို စာဖတ်သူများ ကိုမျှဝေချင်ပါတယ်။ Food Magazine မှာ ဟင်းချက်နည်းတွေရေးရင်း တစ်ဖက်မှာ ကျွန်တော့် တစ်နိုင်စီးပွားရေးအဖြစ် ကျောင်း Canteen ဆိုင်လေးတွေကို တပည့်လေးတွေနဲ့ ဖွင့်ရောင်းချတဲ့နေရာမှာ Food Magazine မှာ ပါဝင်ရေးသားကြသူတွေရဲ့ ဟင်းချက်နည်း၊ မုန့်လုပ်နည်း၊ ဖျော်ရည်ဖျော်စပ်နည်းတွေဟာ တကယ်ကိုပဲ စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ လူကြိုက်လည်းများခဲ့
ပါတယ်။ ကျွန်တော်တင်ပြပေးလိုက်တဲ့ ချက်ပြုတ်နည်းအားလုံးနီးပါး ဆိုင်တွေမှာ အလှည့်ကျရနိုင်သလို ရေးဖော်ရေးဖက်များရဲ့ လက်ရာများကိုလည်း အလျင်းသင့်သလို စားသုံးသူများကို ဝန်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ မဂ္ဂဇင်းရုံးဖုန်းကိုဝင်လာတဲ့ ခေါ်ဆိုမှုများထဲမှာ သင်တန်းအကြောင်းစုံစမ်းသူ၊ ဆိုင်တွေအတွက်ရည်ရွယ်ပြီး သီးသန့်စာအုပ်ထုတ်ဖို့ အကြံပေးမှုများ မကြာခဏကြားရလေ့ရှိပါတယ်။ အထက်က ကျွန်တော်ပြောပြခဲ့တဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေက အဖြေတစ်ခုဖြစ် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Food Magazine မှာရေးသားပေးကြသူများရဲ့ ဟင်းချက်နည်းများဟာ မိသားစုများအတွက်သာမက ကိုယ်ပိုင်စီးပွားရေးတစ်ခု တည်
ထောင်လုပ်ကိုင်ကြမယ့်သူများအတွက်လည်း အသုံးတည့်ပြီး လူကြိုက်များကြပါတယ်။ ခုဆိုရင် Food Magazine ကနေ စုစည်းပြီး စာရေးသူများ တစ်ယောက်ခြင်းစီရဲ့ ဟင်းချက်နည်းစာအုပ်တွေကိုလည်း ဆက်တိုက်ထုတ်ဝေနေပြီဆိုတော့ အိမ်ရှင်မတွေ၊ ဟင်းချက်ဝါသနာပါသူတွေနဲ့ ဆိုင်ဖွင့်လှစ်ရောင်းချလိုသူများအတွက်ပါ လက်ကိုင်ထားစရာများအဖြစ် အသုံးတည့်ဦးမှာဖြစ်ပါတယ်။
ပရိသတ်များခင်ဗျာ လစဉ်ထုတ် Food Magazine အနေနဲ့လည်း ဒီတစ်လမှာ ယခင်လများနည်းတူ နွေစာ၊ အားလပ်ရက်စာ၊ နိုင်ငံတတာအစားအစာ၊ မုန့်လုပ်နည်း၊ Cocktail နဲ့ Mocktail ဖျော်စပ်နည်းတွေကို သက်ဆိုင်ရာ ပင်တိုင်ရေးသားသူများကအစဉ်အလာမပြတ် စိတ်ဝင်စားစရာကောင်းတဲ့ ပြင်ဆင်ပုံများနဲ့အတူ Food Magazine မိသားစုဝင် အသစ်တစ်ဦးဖြစ်တဲ့ Sofia ရဲ့လက်ရာလေးများကိုပါ တင်ဆက်ပေးလိုက်ပါတယ်။
သင်္ကြန်အလုပ်ပိတ်ရက်တွေအလွန် နှစ်သစ်အချိန်အခါမှာ စိတ်သစ် လူသစ် ခွန်အားသစ်များနဲ့ ကိုယ်စီကိုယ်စီ သက်ဆိုင်ရာလုပ်ခွင်များကို ပြန်လည်ဝင်ရောက်ပြီး ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှုများကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

အစဉ်ထာဝရလေးစားလျက်
သစ်ထူး
Food Editor

Facebook Comments