Vol 4, No 2, February, 2015 Issue

2_2015_Feb

အမှတ်တရ ဟင်းလက်ရာများ

      ချစ်စွာသောစာရှုသူများ မင်္ဂလာပါ။ နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်လ ဖေဖော်ဝါရီလဟာ ဆောင်းတွင်း အအေးဓာတ်နဲ့အတူ ရောက်လာပြန်ပါပြီ။ အခုလက်တစ်လောတော့ အပြင်မှာ မုန်တိုင်းရှိဟုဆိုကာ မိုးအုံ့ကာ မိုးအေးတာလိုလို၊ ဆောင်းအေးတာလိုလိုနှင့် ရာသီဥတုက နှစ်သက်စရာတော့ မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် Food Magazine ထွက်ရှိလို့လာပါပြီ။ Eating Out ကဏ္ဍအတွက် ပင်တိုင်ဆောင်းပါရှင် ကိုသစ်ထူး (My Foodies) နဲ့ အတူရေးချင်တဲ့ စားသောက်ဆိုင်ကိုရွေး၊ ဓာတ်ပုံဆရာ သူတော်လွင်နဲ့ချိန်း၊ ဆိုင်ကိုအရောက်သွား၊ ဟင်းပွဲတွေကိုမြည်း၊ သိချင်တာတွေမေးပြီး လစဉ်တင်ဆက်ကြ ရသည်။ ပြောချင်တာက ဟင်းပွဲမြည်းတဲ့ အမှတ်တရလေးတွေပါ။ ဟင်းလက်ရာတွေတော့ အတော်စုံနေပါပြီ။ သံရုံး၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တချို့ကလည်း Press Lunch/Dinner ဟုဆိုကာ ဖိတ်တာကြောင့် မြည်းရပါသည်။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် မှတ်မှတ်ရရလေးဖြစ်တဲ့ ဟင်းလက်ရာများရှိပါသည်။ ‘ထမင်းကြောာ်လက်ရာ ၁ဝဝ’ စာအုပ်ထုတ်ဝေရန် Feel Group ပိုင်ရှင် ဦးစီုးညီညီနှင့် သွားတွေ့တုန်းက မြည်းစမ်းခွင့်ရခဲ့တဲ့၊ သူကိုယ်တိုင် ချက်ချင်းထကြော်ပြတဲ့ လက်ရာကတော့ ခုထိအမှတ်ရတုန်းပါ။  သူက မကြော်ခင် မေးခွန်းလေးတွေ မေးသေးသည်။ ဘာဆီနဲ့ကြော်ချင်လဲ၊
ဘယ်လိုစတိုင်လ်စားချင်လဲ၊ ယိုးဒယား၊ မလေးရှား အစရှိသည်ဖြင့် အသားက ဘာသားနဲ့လဲ၊ အစပ်၊ အချို စသဖြင့် မေးပြီး ပြင်ဆင်လာတဲ့ သူ့လက်ရာကတော့ တကယ်အကြိုက်တွေ့ခဲ့သည်။ ဗီယက်နမ်စတိုင်လ်ကြော်ထားပြီး အသားက ဝက်သား (ဝတ်အူချောင်းမပါ)။ ပင်စိမ်းရွက်လေးလည်း ပါဝင်သည်။ ဆီကတော့ သံလွင်ဆီသုံးထားသည်ဟု ဆိုသည်။ အရသာမှာ ညီညွတ်မျှတပြီး သံလွင်ဆီနံနှင့် ဟင်းခတ်အမွှေးအကြိုင်နံ့ သင်းနေသည်။ တစ်ချက်တစ်ချက် ငရုတ်သီးစိမ်းလေးများ ကိုက်မိတာကြောင့်လည်း ပူပူလောင်လောင် စပ်စပ်မဟုတ်ဘဲ လျာရင်းမြတ်ကနဲ ခံစားရသည်။ နောက် ဟင်းလက်ရာတစ်ခုကတော့ ချိုဝတ်ရည် (Wutyee Foodhouse)ရဲ့လက်ရာပါ။ မဂ္ဂဇင်းစမထွက်သေးခင် သူ့အိမ်မှာ သူ့အမျိုးသား ကိုမြင့်ကျော်သူနဲ့အတူ သူ့လက်ရာကို မြည်းစမ်းခွင့်ရခဲ့သည်။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ဖြစ်မည်။ အိမ်မှာ သူကိုယ်တိုင်ကင်ထားတဲ့ ဘဲကင်ဟာ အလွန်စားကောင်းပါသည်။ ဘဲအညှီနံ့မရတာကြောင့် အသားရဲ့ နူးညံ့ပြီး အရသာရှိတဲ့ အရသာကို သေသေချာချာ ခံစားနိုင်သည်။ တကယ်တော့ ဟင်းလက်ရာအစုံ အမေ့လက်ရာ၊ အမျိုးသမီးလက်ရာမှသည် ဟိုတယ်၊ စားသောက်ဆိုင်များ၏ လက်ရာအဆုံး ဟင်းလျာတွေရဲ့အရသာအပြင် နောက်ကွယ်က အမှတ်ရစရာလေးတွေ အများကြီးရှိသည်။ မအိသက်တို့မိသားစု (Htet Family Creation)ရဲ့ ချဉ်ပေါင်ထမင်းသုပ်၊ မအိ(Evy’s Kitchen)ရဲ့ Butter Cake၊ ကိုမြင့်ဦးသာရဲ့ Food and Décor  မှာ မြည်းခွင့်ရတုန်းက အင်ဒိုနီရှား အမဲသားနှပ်နဲ့ ထမင်းကြော်၊  ကိုဒက်စတာ အလည်ရောက်လာတုန်းက သူရဲ့ လျှပ်တစ်ပြက် ဖျူးရှင်းလက်ရာ၊  ရေးပြရလျှင် အတော်များမည်။ အခါခွင့်သင့်သည့်အခါ ရေးပါဦးမည်။ ဒါကြောင့် အမှတ်ရစရာ ဟင်းလက်ရာတွေထဲက တချို့ကိုတင်ပြရင်း ခုလ ထွက်ရှိလာတဲ့ Food Magazine ထဲက နာမည်ကြီး ဟင်းလက်ရာရှင်တွေရဲ့ ဟင်းလက်ရာတွေနဲ့ ပါဝင်နေကျကဏ္ဍတွေလည်း စာရှုသူများအတွက် မှတ်မှတ်ရရဖြစ်စေမယ်လို့ ယုံကြည်မျှော်လင့်မိသည်။ ချစ်စွာသောစာရှုသူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွင်လန်းကြပါစေ . . . ။

သုတ
အယ်ဒီတာချုပ်

Facebook Comments