Vol 4, No 10, October, 2015 Issue

October cover_

          Food Magazine ပရိသတ်ကြီး ကျန်းမာတော်မူကြပါစခင်ဗျာ။ ငယ်ငယ်ကဆို လကုန်ရက်တိုင်း TV မှာ ဆရာကြီးဦးထွန်းလွင်ရဲ့ လပတ်မိုးလေဝသအစီအစဉ်လာတိုင်း ဆရာကြီးရဲ့ နှုတ်ခွန်းဆက်စကားကို ပုံတူကူး ချပြီး နှုတ်ဆက်လိုက်တာပါ။ ငယ်ငယ်ကဆိုရင် နောက်လာမယ့်အစီအစဉ်တွေ ကောင်းတော့မယ့်ရက်ဆို ဆရာကြီးပေါ်ပေါ်လာရင် တော်တော်လေး စိတ်ညစ်ရပါတယ်။ ကလေးအရွယ်ဆိုတော့ ကလေးအတွေးနဲ့ပေါ့။ ခု အရွယ်မှာတော့ ဆရာကြီးရဲ့ပညာတန်ဖိုးဟာ နိုင်ငံသားတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး ဖြစ်နေပါပြီ။ မိုးကြီးတဲ့ရက်တွေကြားမှာ ဆရာ ကြီးအကြောင်း ပြန်လည်သတိရလို့ အမှတ်တရစကားလေးနဲ့ နှုတ်ခွန်းဆက်လိုက်တာပါ။

          Food Magazine အနေနဲ့ အစားအသောက်နဲ့ပက်သက်ပြီး စာဖတ်သူများကို တင်ပြပေးနေတဲ့နေရာမှာ ပြည်တွင်းကရော၊ ပြည်ပကပါ ပါဝင်ရေးသားကြသူများရဲ့ ဖန်တီးမှုလက်ရာတွေကို အချိန်မှီရအောင် ကြိုးစားရ သလို ရလာတဲ့စာမူများကိုလည်း Editor အဖွဲ့ကနေ စစ်ဆေးတည်းဖြတ်ပြီး လိုအပ်တာ၊ မရှင်းလင်းတာတွေကို မူရင်းရေးသားသူများကို ပြန်လည်ဆက်သွယ်မေးမြန်းပြီး ဖောင်မပိတ်ခင် ကျန်ရှိနေတဲ့ရက်လေးမှာ အပြီးသတ် နိုင်အောင် အလုပ်လုပ်ကြရပါတယ်။ တစ်ခါတရံမှာ အတိမ်းအစောင်းလေးတွေကို ပရိသတ်များဘက်က ဝေဖန်အကြံပြုချက်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ နောက်များကိုလည်း မေတ္တာရှေ့ထားပြီး ဝေဖန်အကြံပြုပေးကြပါလို့ ဒီနေရာကနေပြောလိုပါတယ်။ ဒီလိုပဲ ပရိသတ်အသံကို ပြန်လည်နားထောင်ပြီး လိုအပ်ချက်များကို တစ်လထက် တစ်လ ပိုမိုဖြည့်ဆည်းပေးရင်း ပရိသတ်ပေးထားတဲ့ နေရာတစ်နေရာမှာ နေခွင့်ရရင် ကျွန်တော်တို့အဖွဲ့သားတွေ ကြိုးစားရကျိုးနပ်ပါတယ်။ အမြဲတမ်းပျော်ရွှင်တက်ကြွနေတဲ့ စာဖိုမှူးစာရေးသူများနဲ့ ရုံးအဖွဲ့သားတွေနဲ့ ဖွဲ့စည်းထားတဲ့ Food Magazine ဟာ အောက်တိုဘာလထုတ် မှာလည်း ယခင်လများနည်းတူ ထူးထွေဆန်းပြားတဲ့ ချက်ပြုတ်နည်း၊ မုန့်လုပ်နည်း၊ အဖျော်ယမကာ ဖျော်စပ်နည်းများကို မရိုးရအောင် ဆင်ယင်စုစည်းပြီး ပရိသတ်များထံ အရောက်ပို့ပေးလိုက်ပြန်ပါပြီ။ Food Magazine ပရိသတ်များအပေါင်း အာဟာရပြည်ဝတဲ့ အစားအသောက်များကို ကိုယ်တိုင်ဖန်တီး ချက်ပြုတ်သုံးဆောင်ရင်း ကောင်းသောလိုအင်ဟူသမျှ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

 

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments