Vol 4, No 1, January, 2015 Issue

1_2015_jan

    မင်္ဂလာနှစ်သစ်ပါလို့ Food Magazine ပရိသတ်ကြီးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ Food Magazine ဟာလည်း ၃ နှစ်သားလေးဖြစ်လာပါပြီ။ နှစ်ဟောင်းမှာ ကြိုးစားခဲ့တဲ့ ကြိုးစားမှုတွေအတွက် နှစ်သစ်ဟာ ခွင့်အလမ်းသစ် စိတ်လှုပ်ရှားစရာ အသစ်တွေနဲ့ ကျွန်တော်တို့အားလုံးကို စောင့်ကြိုနေမှာ အမှန်ပါ။ နှစ်ဟောင်းမှာ အမှတ်တရ ဖြစ်ခဲ့ရတာကတော့ Food Magazine စာဖတ်ပရိသတ်များနဲ့ Food Magazine မှာ ပင်တိုင်ရေးသားပေးနေကြတဲ့ စားဖိုမှူးများ တွေ့ဆုံမိတ်ဆက်ပွဲ ဖြစ်ပါတယ်။ ဒီပွဲကနေပြီး Food Magazine ချစ်ပရိသတ်တွေနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ ပိုမိုရင်းနှီးမှုရခဲ့ပါတယ်။ တစ်ခဲနက်လာ ရောက်အားပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။  အဲလိုရက်မျိုးမှာဘဲ ကျွန်တော်တို့ စာရေးကြသူ ညီအစ်ကိုမောင်နှမတွေအချင်း
ချင်းလည်း ဆုံဖြစ်ကြရပါတယ်။ ဒီအတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်။ Food Magazine မှာ ပါဝင်ရေးသားသူ စားဖိုမှူးများဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ Life Style တွေကနေ ဖန်တီးတင်ဆက်ပေးလာတဲ့ ဟင်းပွဲလေးတွေဟာ ပရိသတ်ကြီးလက်ထဲကို တစ်စုတစ်စည်းတည်း စာအုပ်အဖြစ် ရောက်ရှိလာအောင် ဟင်းပွဲအတွက်ရွေးချယ်စဉ်းစား ပေးရတဲ့အချိန်၊ ဈေးဝယ်
ထွက် ချက်ပြုတ်ရတဲ့ အချိန်တွေကစလို့ နောက်ဆုံးအပြီးသတ် မြည်းစမ်းကို ဖန်တီးထားတဲ့ ဟင်းပွဲချက်ပြုတ်နည်းကို ကိုယ်တိုင်အတည်ပြု  စာမူပြန်ရေး ကိုယ့်ဟင်းပွဲကို ကိုယ်တိုင်ဓာတ်ပုံရိုက် စတဲ့အလုပ်များကို တန်းစီပြီး လုပ်ကြရတာပါ။ ဒီနေရာမှ အခွင့်သင့်လို ပရိသတ်ကြီးကို နည်းနည်းလေးကြွားချင်ပါတယ်။ Food Magazine မှာရေးကြတဲ့ စားဖိုမှူးအားလုံးနီးပါးဟာ သူတို့ဟင်းပွဲတွေကို သူတို့ကိုယ်တိုင် ကင်မရာကိုင်ပြီး စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီး ပရိသတ်များကို တင်ပြပေးနေကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်နိုင်ဖို့ဆိုတာ လုပ်တတ်ရုံနဲ့မပြီးပါ။ လုပ်ချင်စိတ်ရှိဖို့နဲ့ ပရိသတ်အပေါ် ထားတဲ့ စေတနာတွန်းအား အများကြီးလိုတယ်ဆိုတာ Food Magazine ဖြတ်သန်းလာခဲ့တဲ့ ၃ နှစ်ဆိုတဲ့ အတိုင်းအတာက သက်သေပြနေပါတယ်။

    ဒီ ၂ဝ၁၅ ဇန်နဝါရီလမှာတော့ နှစ်သစ်ဖြစ်တာနဲ့အညီ တချို့အစီအစဉ်တွေကို ပုံစံအနည်းငယ်ပြောင်းပြီး တင်ဆက်ပေးထားပါတယ်။ Food Magazine တမ်းတစ်ခုနီးပါး ဝင်လာခဲ့တဲ့ အချိန်တိုတို စရိတ် နည်းနည်း ကဏ္ဍကို နာမည်လေးပြောင်းပြီး Cook it Easy; Make it Easy အဖြစ် အိမ်ရှင်မများအတွက် လွယ်ကူပြီး အရသာရှိတဲ့ ဟင်းချက်နည်းများအပြင် မီးဖိုချောင်သုံး ပစ္စည်းများကိုပါ အကြံပေး မိတ်ဆက်ပေးထားပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ဒီတစ်လ Easting Out ကဏ္ဍကို ရန်ကုန်အတွက်သာမက မန္တလေးအတွက်ပါ ထပ်တိုးတင်ဆက်ပေးထားပါတယ်။ Wutyee Food House, Htet Family, EVY’s Kitchen, SyiLwin Foods Garden, Myint Oo Tha, Dexter’s Bistro, Presenter Chefကိုဆန်နီ၊ MEE MEE TOFU, Bartender Kelvin တိုရဲ့ ပုံမှန်ပါဝင်နေကျ ကဏ္ဍတွေနဲ့ အတူ Food Magazine (၃) နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် Food Magazine စာအုပ်တိုင်းမှာ Shopping Pad တစ်အုပ်စီကို လက်ဆောင်အဖြစ် ထည့်ပေးပြီး ပရိသတ်များ
လက်ထဲကို ပို့ဆောင်ပေးလိုက်ပါတယ် ခင်ဗျာ။

ပရိသတ်များအားလုံး နှစ်သစ်မှာအတွေးအခေါ် အကြံဥာဏ်သစ်များနဲ့ ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင့်တဲ့ ၂ဝ၁၅ ခုနှစ်ဖြစ်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။

အစဉ်ထာဝရလေးစားလျက်
သစ်ထူး
Food Editor

Facebook Comments