မုန့်စားကျောင်းဆင်းချိန်ဆို မကစားရမှာစိုးလို့ ထမင်းကို အရင်ခိုးစားတယ်ဆိုတဲ့ ကေကေမိုးမြင့်

 ♦    ဒါဆို ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

ကေချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကတော့ ဆိတ်သားဟင်းပါ။ ဆိတ်သားကို ဂေါ်ရင်ဂျီ မဆလာတို့၊ ဟင်းခတ်အမွေးအကြိုင်လေးနဲ့ ဒိန်ချဉ်လေးနဲ့နှပ်ပြီး ချက်တဲ့ ဆိတ်သားဟင်းလေးပါ။

♦    ကေကေချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက် အပြုတ်ကိုဘယ်သူတွေဆီက သင်ယူဖူးလဲ။

အဲဒီလိုမျိုး ကိုယ်ချက်တဲ့ ဟင်းပွဲလေးကို စားပြီးတော့ ကောင်းတယ်လို့ပြောရင်တော့ ကေပျော်တယ်။ အားလည်းရှိတယ်။ ဖေဖေကတော့ ကေချက်တာကို အများဆုံးချီးမွမ်း တတ်တယ်။ အဓိကကတော့ မေမေချက်တာကိုကြည့်ပြီးတော့သင်တယ်။ အခုဆိုရင် ရှုတင်အားတဲ့အချိန်ဆိုရင် မေမေနဲ့ ဟင်းဝိုင်းချက်ရတဲ့အချိန်လေးတွေဆို ကေကေ အရမ်းပျော်ပါတယ်။

♦    ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ၊ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။

ငယ်ငယ်ကြိုက်ပြီး အသက်ကြီးမှမကြိုက်တာမျိုးတော့ မရှိတော့ပါဘူး။ အာဟာရနဲ့မျှတအောင်တော့ စားတယ်။ မစားနိုင်တာဆိုရင်တော့ အရမ်းချဉ်တဲ့ဟာတွေ၊ ငန်တာကို မစားနိုင်တာပါပဲ။ ကေကေက ငယ်ငယ်တုန်းက အစားသောက်အရမ်းဂျီး(ချေး)များတဲ့လူ။ ဟိုဟာမစား ဒီဟာမစားနဲ့လေ။ ငယ်ငယ်တုန်းကဆို ပိန်ပိန်လေး။ ကြီးလာတော့မှ အစားဂျေး(ချေး)မများဘဲ အကုန်စားတာ။

♦    ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင်ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက် ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

အဲ့ဒါမျိုးဆိုရင်တော့ ကေကေငယ်ငယ်တုန်းက ကျောင်းမှအမြဲတမ်းထမင်းချိုင့် ခိုးစားဖြစ်တယ်။ ဘာလို့လည်းဆိုတော့ မုန့်စားကျောင်းဆင်းချိန်ဆို မကစားရမှာစိုးလို့ ထမင်းကို အရင်ခိုးစားတယ်။ ခုံအောက်ထဲဝင်ပြီးတော့ စားတယ်။ အဲဒီလိုမျိုး ထမင်း ခိုးစားတာ ၆ တန်း၊ ၇ တန်းလောက်အထိပဲ။ အဲဒီလိုခိုးစားလို့ ဆရာမိသွားရင် အရိုက်ခံရ တာလည်း ခဏခဏပါပဲ။ ဒါလေးကတော့ အမှတ်တရလေးပါပဲ။

♦    မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

မနက်အိပ်ယာထရင် ဖျော်ရည်တစ်ခွက် (သို့) ကော်ဖီနဲ့ မုန့်စားဖြစ်တယ်။ ဒါမှမဟုတ် မုန့်ဟင်းခါးစားတယ်။ ပြီးတော့ ရှုတင်သွားတယ်။ နေ့ခင်း ရှုတင်နားတဲ့အချိန် ကျရင်တော့ ရှုတင်ထမင်းဟင်းစားတယ်။ အခုနောက်ပိုင်းတော့ လျော့စားဖြစ်ပါတယ်။ ညဖက်ကျရင်တော့ ဝိတ်လျော့အောင် အသီးအနှံစွပ်ပြုတ်တစ်ခွက် သောက်တယ်။ ညစာစားပြီးရင်တော့ ကေကေက ရေခဲမုန့်စားဖြစ်ပါတယ်။

♦    ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။

ညစာကတော့ မိသားစုနဲ့စားဖြစ်တာပိုများတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အချိန်ကျရင်တော့ အပြင်မှာစားဖြစ်ပါတယ်။

♦    စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

အဲဒီလိုမျိုးဆိုရင်တော့ ဖေဖေချက်တဲ့ ထောပတ်ထမင်းကတော့ မမေ့လောက်တဲ့ အစားသောက်မျိုးပါ။ မေမေကတော့ အမြဲတမ်းချက်ကျွေးနေတော့ မေမေလက်ရာလည်း မမေ့ပါဘူး။

♦    စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်မျိုးရောရှိလားတဲ့ အစားအသောက်။

ထူးထူးဆန်းဆန်းဆိုရင်တော့ ကေကေ ကြွက်ကြော်တို့၊ ယုန်သားတို့ စသဖြင့် ပေါက်ကရတွေစားဖူးပါတယ်။ ပင်လယ်ကမ်းခြေသွားရင်လည်း ပင်လယ်စာကြိုက်တော့ ထူးထူးဆန်းဆန်း ပင်လယ်စာလေးတွေကိုလည်း စားဖြစ်ပါတယ်။

♦    အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။ ဘယ်လိုအစားစာမျိုး လုပ်စားဖြစ်တာများလဲ။ (သင်္ကြန်တို့၊ နှစ်သစ်ကူးတို့၊ ခရစ္စမတ်) စသဖြင့်ပွဲတော်နေ့တွေမှာ ဘာတွေ အဓိကထား လုပ်စားလေ့ရှိပါသလဲ။

လုပ်စားဖြစ်ပါတယ်။ New Year ဆိုရင် ဆိုင်တွေသွားဝယ်စားရတာထက် ကိုယ်ကိုယ်တိုင်လုပ်စားရတာ သဘောကျတယ်။ ဒီတော့ မေမေနဲ့အတူ စီတီးမတ်တို့သွားပြီး ဝယ်ခြမ်းပြီးတော့ BBQ လုပ်တယ်။ ကိုရီးယားကင်ချီလုပ်တာတို့ စသဖြင့်အစုံပေါ့။ပြီးရင်တော့ မောင်လေးတို့ ကေ့မိသားစုတို့၊ မောင်လေးသူငယ်ချင်းတွေ၊ ကေ့သူငယ်ချင်းတွေနဲ့ ကန်ဘောင်သွားတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းရတာကို ပျော်တယ်။

♦    အလုပ်တို့ ရှုတင်တို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

ထမင်းချိုင့်ကို တစ်ခါတလေကျရင် မေမေက ကေကေစားဖို့အတွက် သီးသန့်လုပ်ပြီး ထည့်ပေးလိုက်တဲ့အခါမျိုးကျရင်တော့ ယူသွားဖြစ်တယ်။

♦   ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ရှိရင် ဘယ်လိုအရာမျိုးတွေ မြည်းစမ်းဖြစ်ပါလဲ။

အင်း အဲဒီလိုမျိုးစိတ်တော့ရှိတယ်။ ဟိုတစ်နေ့ ဆိုင်တစ်ဆိုင်မှာဆိုရင် မိကျောင်းသားတွေရှိတယ်ပြောတော့။ စမ်းကြည့်ချင်တယ်။ ဒါပေမဲ့ မစားရဲဘူး။ကြောက်တော့ ကြောက် တယ်။ ဒါပေမဲ့ စမ်းကြည့်ချင်တဲ့ စိတ်ကလေးကတော့ရှိတယ်။

♦    တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

အဲဒီလိုဆိုရင်တော့ အစားပိုစားဖြစ်မလားမသိဘူး။ စိတ်ညစ်တယ်ဆိုရင် အစားများများ ပိုစားဖြစ်တယ်။ တစ်ခါတလေကျရင် အစားမစားဘဲနေမိတယ်။ အဲဒီအခါကျရင် ကိုယ်ပဲထိခိုက်တယ်လေ။ ဒီတော့ အစားအသောက်လေး စားလိုက်၊ အိပ်လိုက်၊ သီချင်းတွေဆိုလိုက်ဆိုတော့ အစားအသောက်က အားလည်းဖြစ်စေတယ်။ စိတ်ညစ်မှုကိုလည်း ပိုပျောက်စေတယ်။

♦    ညီမရဲ့  အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်ဆိုရင် လူတစ်ယောက်ဟာ ကိုယ်နဲ့ သင့်တင့်တဲ့ ကယ်လိုရီပမာဏကို စားသုံးသင့်ပါတယ်။ အဆီအအိမ့်များတာ၊ ကယ်လိုရီများတာတွေ စားမိတဲ့အခါကျရင် ခန္ဓာကိုယ်အဝလွန်လာရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အဓိကက လိုအပ်တဲ့ ဗီတာမင်ပြည့်အောင် စားမယ်။ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေ၊ ငါးတွေစားသုံးသင့်တယ်။ ဒါတွေက ကယ်လိုရီလောင်ကျွမ်းတာ မြန်စေပါတယ်။ အသားဆိုရင်လည်း အသားတစ်တုံးရဲ့ ကယ်လိုရီက ၁၂ဝ လောက်ရှိတယ်။ ဒါကြောင့် အသားအများကြီးလည်း မစားသင့်ပါဘူး။ ထမင်းဆိုရင်လည်း ဒီလိုပါပဲ။ ဝိတ်ချချင်တဲ့သူတွေအနေနဲ့ ထမင်းတစ်ပန်းကန်မှာ ကယ်လိုရီ ၃ဝဝ၊ ၄ဝဝ လောက်ရှိတယ်။ ဒီတော့ ထမင်းကိုလည်း ပန်းကန်လုံးလေးနဲ့ နည်းနည်း စားပေးသင့်ပါတယ်။ အသီးအနှံလေးနဲ့ပေါ့။

♦    အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

မေမေချက်တဲ့ဟင်းမှာဆိုရင် ငါးခြောက်ကို ခရမ်းချဉ်သီးလေးနဲ့ ချက်တာရယ်။ ဝက်သားဟင်းရယ်ကို ကြိုက်ပါတယ်။

♦    နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာများလဲ။

ဂျပန်စာကို ဆာရှိမိနဲ့ စားတာလေးကိုကြိုက်ပါတယ်။ ကိုရီးယားအစားအသောက်တွေ လည်းကြိုက်ပါတယ်။ တရုတ်စာလည်း ကြိုက်ပါတယ်။ ဥရောပ အစားစာဆိုရင်တော့ အမဲသားနဲ့ ဆလတ်လုပ်ထားမျိုးကို ပိုကြိုက်ပါတယ်။

♦   နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို လွမ်းဆွတ်မိပါသလဲ။

အဲဒီလိုမျိုးဆိုရင်တော့ ဟိုရောက်တာနဲ့ ထမင်းကို ပိုသတိရမိတယ်။ ဟိုကထမင်းက မြန်မာပြည်က ထမင်းလိုလည်း မဟုတ်ဘူး။ စေးစေးကြီးလေ။ ဒီတော့ မြန်မာပြည်က ထမင်းကို ပိုပြီးတော့ အာသီသဖြစ်ပြီး တမ်းတမိတယ်။

♦    ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

အဲဒီလိုမျိုးဆိုရင်တော့ ငယ်ငယ်က သူငယ်ချင်းတွေနဲ့အတူတူ မုန့်လုပ်စားတယ်။ ရှောက်သီးသုပ် လုပ်စားတယ်။ အဲဒီလိုအသုပ်လေးတွေ လုပ်စားဖြစ်ရင်တော့ ကျောင်းတက်တုန်းကဘဝကို သတိရမိတယ်။ နောက် တက္ကသိုလ်တတ်တုန်းက Main ထဲက ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ စုပြီးတော့ မုန့်စားခဲ့ရတဲ့အချိန်လေးတွေကို သတိရမိပါတယ်။

♦    စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့စားချင်လဲ။

စားသောက်ဆိုင်ကိုတော့ တစ်ခါတလေသွားတာလောက်ပဲ သဘောကျပါတယ်။ များသောအားဖြင့် အိမ်မှာစားရတာကို ပိုကြိုက်ပါတယ်။ ကေကေအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါး တွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာရော ဘယ်လိုဖျော်ရည်ကြိုက်လဲ။ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ကန်စွန်းရွက်၊ အသီးအနှံထဲမှာဆိုရင်တော့ ပန်းသီး၊ စတော်ဘယ်ရီ၊ ထောပတ်သီး၊ ဘလူးဘယ်ရီသီးကို ကြိုက်ပါတယ်။ သားငါးထဲမှာဆိုရင်တော့ ဆယ်လမွန်ငါး၊ ငါးကြင်း၊ ပုစွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ငါးသားလောက်တို့ကြိုက် တယ်။ ဖျော်ရည်မှာတော့ စတော်ဘယ်ရီဖျော်ရည်၊ ထောပတ်သီးဖျော်ရည်ကြိုက်တယ်။

♦   ကေကေနဲ့မတည့်တဲ့ အစားအစာတို့ မကြိုက်တဲ့အစား အစာတို့ရောရှိလား။

မရှိပါဘူး၊ အကုန်တည့်ပါတယ်။

♦   အစားသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာ တွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံ တတ်လား။

အဲဒီလိုမျိုးတော့ မတွေ့ဘူးဖူး။ ဒါပေမဲ့ အသည်းယားမိတာကတော့ ပန်းဂေါ်ဖီတို့ ဘာတို့မှာ ပိုးကောင်လေးတွေတွေ့ပြီး ရွစိရွစိသွားတာမျိုးမြင်ရင်တော့ အရမ်း အသည်း ယားတယ်။ စားနေတုန်း သူငယ်ချင်းတွေ ရွံစရာတွေပြောရင်တော့ မကြားချင်ယောင်ဆောင်ပြီးတော့ ဂျစ်တိုက်ပြီး စားလိုက်တာပါပဲ။ သူနောက်ရင်လည်း ကိုယ်က ပြန်နောက်လိုက်တာပါပဲ။

♦    အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

ထင်ပါတယ်။ မြန်မာပြည်မှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရိုးရာအစားအသောက်တွေရှိတယ်။ ဟော်တယ်တွေမှာ ဘူဖေးစားရင်တောင်မှ မြန်မာရိုးရာအစားအစာတွေက အများကြီးပါပဲ။

♦    အခုလုပ်ပြတဲ့ ပုစွန်တန်ပူရာကြော်ကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

ဒီဟာလေးက လိုက်လုပ်စားရင်လည်း အရမ်းလွယ်ကူတဲ့ ဟာမျိုးလေးပါ။ ဈေးထဲမှာ ပုစွန်လေးဝယ်ပြီးတာနဲ့ အများကြီးလုပ်စရာလည်း မလိုပါဘူး။ လွယ်လွယ်ကူနဲ့ ကိုယ်စာ ချင်တဲ့အရသာလေးဖြစ်အောင်လို့ ဂျုံမှုန့်လေးကပ်ပြီးတော့ ကြော်လိုက်ရုံပါပဲ။ နောက် ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်ရည်လေးနဲ့ဖြစ်ဖြစ် အခုလုပ်ပြတဲ့ မန်ကျည်းနှစ်အချဉ် လေး နဲ့ဖြစ်ဖြစ် လိုက်လုပ်စားရင် အရမ်းအရသာရှိပါတယ်လို့ ပြောချင်ပါတယ်။

…………………………………………….

♦   အာဂမေးမြန်းရေးသားသည်   ♦

…………………………………………….

Facebook Comments