မတ်ပဲဗယာကြော်

by My Foodies for Food Magazine

          အဲဒီမတ်ပဲ ဗယာကြော်နည်းမှာ သမိုင်းကြောင်းရှိပါတယ်။ အရင်က ရန်ကုန်သူ၊ ရန်ကုန်သားတွေဟာ မတ်ပဲဆိုတာရှိမှန်း မသိကြဘဲ မမျှော်လင့်ဘဲ လက်ထဲ ဖောဖောသီသီ ရောက်လာချိန်ကျမှ သိရတာပါ။ အဲဒီ အချိန်မှာ ဘယ်လိုလုပ်ပြီး စားရမှန်းတောင် မသိကြလေတော့ တချို့က ပဲပင်ပေါက် ဖောက်စားကြ၊ တချို့ကလည်း ခပ်ချွဲချွဲ ပဲဟင်းလေး ချက်စားကြပါတယ်။ မတ်ပဲက မာလည်းမာပြီး အချွဲဓာတ်လေးအနည်းငယ်ရှိပါတယ်။ အဲဒီ အချိန်က ဆိုရှယ်လစ်စနစ် အပြီးတိုင် နိဂုံးချုပ်သွားတဲ့ ၈၈ အရေးအခင်းကာလ ဖြစ်ပါတယ်။ အစိုးရက ထိန်းချုပ်ထားတဲ့ ပဲဂိုဒေါင်တွေ အဖောက်ခံရပြီး မတ်ပဲတွေ ရပ်ကွက်က ဈေးတွေမှာ ပေါပေါလောလောဝယ်လို့ရလာတဲ့ တစ်ခေတ်မှာ မတ်ပဲဗယာကြော်ကို ကျွန်တော် စပြီးစားဖူးခဲ့တာ ဖြစ်ပါတယ်။ ကဲ… ပြုလုပ်နည်းလေး ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

မတ်ပဲ  –  ထမင်းပေါင်းအိုးဆန်ခြင်ခွက် ၁ ခွက် (တစ်ည ရေစိမ်ထားပါ)

ရွှေကြည်မှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း (ဝါနေအောင် လှော်ထားပါ)

ဆန်မှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ချင်း (ထောင်းပြီး)  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ပျဉ်းတော်သိမ်  –  ၁၀ ရွက် (ပါးပါးလှီးပြီး)

နံနံပင်  –  ၅ ပင်  (ပါးပါးလှီးပြီး)

ဆီ  –  လုံလောက်သောပမာဏ

မုန်ညင်းစေ့  –  အနည်းငယ်

ငရုတ်သီးခြောက်တောင့်  –  ၂ တောင့်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ရေစိမ်ထားသော မတ်ပဲများကိုထောင်းပြီး ချင်း ထောင်းပြီးသား၊ ငရုတ်သီးစိမ်း ပါးပါးရိတ်ရိတ် လှီးပြီးသား၊ ပျဉ်းတော်သိမ်၊ နံနံပင်၊ ရွှေကြည်မှုန့်၊ ဆန်မှုန့်၊ ဆားတို့နှင့် ရောနယ်ထားပါ။

၂။       ဆီဆူနေအောင်တည်ထားပြီး မုန်ညင်းစေ့နှင့် ငရုတ်သီးခြောက်များ အနံ့ထွက်ရုံလေး ထည့်ကြော်ပြီး ချက်ချင်းဆယ်ထားပါ။

၃။       ဗယာကြော်အဆာများကို ၁ လက်မအရွယ် အဝိုင်းလေးများမှာ လက် ၃ ချောင်း အသာလေးဖိပေးပြီး ဆီပူမှာ နှစ်ကြော်ပါ။  သို့မဟုတ် စိတ်ကြိုက်အလုံးလေးတွေ လုံးပြီး ကြော်ပါ။ ဗယာကြော် အပြင်သားများ တင်းပြီး ရွှေရောင်သန်းလာလျှင် ဆီစစ်ပြီး သုံးဆောင်ရန် ပြင်ဆင်နိုင်ပါပြီ။

          အချဉ်အတွက် မန်ကျည်းရည်မှာ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်းပြီး ငံပြာရည်၊ နံနံပင်တို့နှင့် ရောထည့်ကာ ဖျော်စပ်နိုင်ပါတယ်။

www.facebook.com/MY FOODIES (mm)

Facebook Comments