Wasabi Shrimp

by ဆုမြတ်ဦး for Food Magazine

          ဝါဆာဘိအရမ်းမကြိုက်တဲ့ ဆုမြတ်တောင် တော်တော်စားဖြစ်တဲ့ ဟင်းပွဲလေးပါ။ ဝါဆာဘိအရသာ စပ်စပ်လေးနဲ့ မရောနိစ်ရဲ့ ချိုချိုဆိမ့်ဆိမ့် အရသာလေးကို တစ်ပြိုင်တည်း ခံစားရမှာဖြစ်လို့ လုပ်စားကြည့်ပါနော်။ မရောနိစ်မသုံးချင်ဘူးဆိုရင် ဒိန်ချဉ်သုံးရင်လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀ ကျပ်သား

ဂျုံ  –  စားပွဲဇွန်း ၂ ဇွန်း

ကော်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်ဥ  –  ၁ လုံး

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

သံပရာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဝါဆာဘိ  –  စားပွဲဇွန်း ၃ ဇွန်း

ရေ  –  စားပွဲဇွန်း ၂ ဇွန်း

မရောနိစ်  –  စားပွဲဇွန်း ၄ ဇွန်း

သကြား  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –  ကြော်ရန်

နှမ်းလှော်  –  ဖြူးရန်

ပြုလုပ်နည်း

၁။       ပုစွန်ကို ရေဆေးပြီး အခွံခွာထားပါ။ ဂျုံ၊ ကော်မှုန့်၊ ကြက်ဥ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို မုန့်နှစ် ဖြစ်အောင် နယ်ပါ။ ဒယ်အိုးထဲ ဆီထည့်၍ ဆီပူလာလျှင် ပုစွန်နှစ်ပြီး အနီရောင်ရလာတဲ့အထိ ကြော်ပါ။ ပုစွန်ကြော်ထားတာတွေကို ပန်းကန်အပေါ်မှာ ဆီစုပ်စက္ကူလေးခင်းပြီး ဆီစုပ်ထားပါ။

၂။       အိုးတစ်အိုးထဲ သံပရာရည်၊ ဝါဆာဘိနှင့် ရေတို့ကိုထည့်ပြီး မိနစ်အနည်းငယ်ခန့် ချက်ပေးပါ။ မရောနိစ်နှင့် သကြားထည့်ပြီး ဆော့စ်ရအောင် ချက်ပါ။ ပြီးလျှင် ကြော်ထားတဲ့ပုစွန်လေးတွေ ထည့်ပြီး သမအောင်ရောမွှေပါ။ ပုစွန်ဝါဆာဘိကို ပန်းကန်မှာ ပြင်ဆင်ပြီးပြီဆိုလျှင် နှမ်းလှော်လေး ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments