Pizza Quesadillas

by Hsu Myat Oo for Food Magazine

          ဇန်နဝါရီလရဲ့  ဒုတိယအပတ်က ပီဇာရက်သတ္တပတ် ဖြစ်ပါတယ်နော်။ ဒါကြောင့် ဒီလအတွက် မုန့်လုပ်နည်းလေးမှာ ပီဇာလေးလည်း လုပ်ပြချင်ပါတယ်။ မတူတာလေးလည်း ဖြစ်ချင်တာကြောင့် Pizza Quesadillas ကို ရွေးချယ်ထားတာဖြစ်ပါတယ်။ Quesadillas ဆိုတာကတော့ မက်စီကန်အစားအစာတစ်မျိုးဖြစ်ပြီးတော့ မက်စီကန်နဲ့ အမေရိကားမှာ အများဆုံးစားသုံးပြီး ရောင်းချတယ်လို့ သိရပါတယ်။ Qusadillas ကို ပုံစံအမျိုးမျိုး၊ ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ ပြုလုပ်ပြီး စားကြတာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက မက်စီကန် စားသောက်ဆိုင်တွေမှာ တစ်ခါတစ်ရံရောင်းချတာကို တွေ့ရပြီး အမေရိကားက စားသောက်ဆိုင်တွေမှာ ခံတွင်းဖွင့်စာအနေနဲ့ တည်ခင်းကြပါတယ်။ Tortilla ကို  အဓိကအနေနဲ့ အသုံးပြုပြီး ချိစ်အပြင် အသား၊ ပဲ၊ ဟင်းသီးဟင်းရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များနဲ့ ပြုလုပ်ထားတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အခု ဆုမြတ်က Quesadillas လေးကို ပီဇာပုံစံလေးလုပ်ပါမယ်နော်။  ပါဝင်ပစ္စည်းတွေကလည်း မများဘဲ ပြုလုပ်ရတာလည်း အရမ်းကို လွယ်ကူပါတယ်။ လုပ်ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

Tortillas  –  ၄ ချပ်

Mozzarella Cheese  –  ၂၂၅ ဂရမ်

Pepperoni  –  ၁၇၀ ဂရမ်

ပန်းငရုတ်ပွ  –  ၁ လုံး

ခရမ်းချဉ်သီးဆော့စ်  –  စားပွဲဇွန်း ၈ ဇွန်း

ခရမ်းချဉ်သီးဆော့စ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ခရမ်းချဉ်သီး  –  ၂ လုံး

သံလွင်ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပင်စိမ်း  –  ၂ ပင်

ခရမ်းချဉ်သီးဆော့စ်ပြုလုပ်နည်း

၁။       ခရမ်းချဉ်သီးရဲ့အောက်ခြေကို ဓားနဲ့ ပါးပါးလေး ကြက်ခြေခတ်ပုံစံလေးလုပ်ပြီး ရေနွေးဖြင့် ၂ မိနစ်ခန့် ပြုတ်ပေးပါ။ ပြုတ်ထားတဲ့ ခရမ်းချဉ်သီးကို ရေအေးထဲမှာ ထားပြီး အအေးခံပါ။ ပြီးလျှင် ခရမ်းချဉ်သီးကို ကြက်ခြေခတ်ပေးထားတဲ့ နေရာကနေ လက်နဲ့ ခွာပေးပါ။

၂။       မီးအနေတော်မှာ အိုးကို မီးဖိုပေါ်တင်ပါ။ အိုးပူလာလျှင် အိုးထဲ သံလွင်ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နွမ်းလာလျှင် ခရမ်းချဉ်သီးကို နုပ်နုပ်စဉ်းပြီး အနှစ်ရအောင်ချက်ပါ။ ဆားနှင့်ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ ပြီးလျှင် ပင်စိမ်းထည့်ပြီး အိုးပေါ်မှ ချပါ။

ပြုလုပ်နည်း

၁။       Mozzarella Cheese ကို အမျှင်လေးတွေရအောင် ခြစ်နဲ့ခြစ်ထားပါ။ ပန်းငရုတ်ပွကို အချောင်းလေးတွေ လှီးထားပါ။ Pepperoni ကို အထုပ်ကနေ ထုတ်လိုက်ပြီး အသားမှာ ကပ်နေတဲ့ ပလတ်စတစ်ကို ခွာပါ။ အနေတော်အဝိုင်းလေးတွေ လှီးပြီး ဒယ်အိုးမှာ နည်းနည်းကြွပ်တဲ့အထိ ကြော်ပေးပါ။

၂။       မကပ်တဲ့ဒယ်အိုးမှာ ဆီအနည်းငယ်ထည့်ပြီး Tortillas တင်ပါ။ ခရမ်းချဉ်သီးဆော့စ်ကို Tortillas ရဲ့  တစ်ဝက်သုတ်ပြီး အပေါ်က ခြစ်ထားတဲ့ ချိစ်တင်ပါ။ ပန်းငရုတ်ပွ၊ Pepperoni ကို တင်ပြီး ချန်ထားတဲ့ Tortillas တစ်ဝက်ကို ပြန်ခေါက်ပေးပါ။ တစ်ဖက်စီကို မိနစ်အနည်းငယ်စီပြောင်းပြီး အပူပေးပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

Facebook Comments