Mud Cake

by Chef Saw Sar Mular for Food Magazine

          Mud Cake ကို အမေရိကန်နိုင်ငံ မစ္စစ္စပီ (Mississippi) မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ Mississippi Mud Cake ကို ကနဦးက Topping မှာ Marshmallows ပါပါတယ်။ အခြားလူကြိုက်များတဲ့ American Mud Cake ကတော့ Boston Mud Cake လို့ ခေါ်ပါတယ်။ Cake ရဲ့  အတွင်းသားက ချောကလက်နဲ့ အစိုဓာတ်ရှိနေတယ်။ Flourless Chocolate Cake သားနဲ့ သဏ္ဌာန်တူပါတယ်။ Brownie နဲ့ Rudge Cake ကြားမှာ ကိတ်သားရှိပါတယ်။ ကိတ်ရဲ့အပေါ်ကို Chocolate Ganachese နဲ့ ဖုံးပြီး အချို့က Chocolate Flake တွေ တင်ပါတယ်။ တချို့က သစ်ကြားသီး (Wal Mut) တွေကို ဖြူးထားပါတယ်။ ကော်ဖီနဲ့ တွဲသောက်လို့ကောင်းပြီး Vanilla Ice Cream နဲ့လည်း တွဲစားကြပါတယ်။

ပြုလုပ်ချိန် ၈၀ မိနစ်၊ အရေအတွက် ၆ လက်မအရွယ် ၁ ခု

Mud Cake အတွက် ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၂၅ ဂရမ်

ချောကလက်အမည်း  –  ၁၀ဝ ဂရမ်

သကြား  –  ၂၀ဝ ဂရမ်

ရေ  –  ၁၂၀ ဂရမ်

ကြက်ဥ  –  ၁ လုံး

ဆား  –  အနည်းငယ်

ကိတ်ဂျုံ  –  ၂၃၀ ဂရမ်

Coco Powder  –  ၂၅ ဂရမ်

ဘေကင်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘေကင်ဆိုဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကော်ဖီ  –  စားပွဲဇွန်း ၂ ဇွန်း

ဟင်းသီးဟင်းရွက်ဆီ  –  ၅၀ ဂရမ်

ပြုလုပ်နည်း

၁။       ချောကလက်အမည်းကို အမြန်ပျော်အောင် အတုံးသေးသေးလှီးပြီး စတီးဇလုံထဲ ထည့်၍ အောက်မှာ ရေနွေးခံပြီး အရည်ဖျော်ပါ။

၂။       ချောကလက်ပျော်လျှင် ထောပတ်၊ သကြား၊ ဆား ထည့်ဖျော်ပြီး ကြက်ဥကို ရောမွှေပါ။ ပြီးလျှင် ကော်ဖီ၊ ဆီ၊ ရေရောပြီး ဆက်၍မွှေပါ။

၃။       ကိတ်ဂျုံ၊ Coco Powder, ဘေကင်ပေါင်ဒါနှင့် ဆိုဒါတို့ကို ဆန်ခါချပြီး အားလုံးရော၍ ချောမွတ်လာအောင် မွှေပေးပါ။

၎။       ၆ လက်မ ကိတ်လေးထောင့်ကွင်းအောက် ဆီစိမ်စက္ကူခံ၍ မုန့်ဖုတ်ဗန်းထဲ ထည့်ပါ။ မုန့်နှစ်ကိုလည်း ကိတ်ကွင်းထဲ လောင်းထည့်ပြီး မီး အပူချိန် ၁၈၀ ဒီဂရီစင်တီဂရိတ်နှင့် ၄၅ မိနစ်ခန့် ဖုတ်ပါ။ မုန့်သားအလယ်ကို ဆာတေးတုတ်နှင့် ထိုးပြီး တုတ်ခြောက်သည်အထိ ဖုတ်ပါ။ မုန့်ကျက်လျှင် မီးဖိုထဲမှဆွဲထုတ်ပြီး အအေးခံပါ။ အအေးခံထားစဉ် ကိတ်အပေါ်မှ ဖုံးရန် Chocolate Ganache ကို လုပ်ထားပါ။

Chocolate Ganache ပါဝင်ပစ္စည်းများ

ချောကလက်  –  ၁၅၀ ဂရမ်

Topping Cream/Heavy Cream  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       ချောကလက်အတုံးသေးသေးလှီးပြီး စတီးခွက်ထဲထည့်၍ ရေနွေးခွက်ထဲစိမ်ပြီး အရည်ဖျော်ပြီးလျှင် Topping Cream/Heavy Cream နှင့် ရော၍ မွှေပါ။

၂။       အအေးခံထားသောကိတ်ကို  ကိတ်ကွင်းမှထုတ်ပြီး အပေါ်သို့ Chocolate Ganache ကို လောင်း၍ ဖုံးပါ။

*        လိုအပ်လျှင် ကိတ်အပေါ်သို့ သစ်ကြားသီးသေးသေးလှီးပြီး တင်လို့ရပါတယ်။ Chocolate Flak များ ခြစ်ပြီး နှစ်သက်သလို အလှဆင်လို့ရပါတယ်။ ပြီးလျှင် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments