Mixed Seed Ciabatta

by Chef Saw Sar Mular for Food Magazine

ပြုလုပ်ချိန် ၂ နာရီ ၁၀ မိနစ်၊ အရေအတွက် ၃ ခု

          Ciabatta ပေါင်မုန့်က အီတလီရဲ့ လူကြိုက်များတဲ့ ပေါင်မုန့်ကြမ်းဖြစ်ပါတယ်။ အီတလီလို Ciabatta ကို “ဖိနပ်” လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါင်မုန့်က အနည်းငယ်ပြားပြီး ရှည်ပါတယ်။ Ciabatta ကို အသားညှပ်လည်း လုပ်စားကြပါတယ်။ အခု တင်ပြတဲ့ Ciabatta ပေါင်မုန့်ထဲမှာတော့ အစေ့တွေ ရောထည့်ထားပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ အစေ့တွေထည့်ခြင်းဖြင့် လုပ်စားလို့ရပါတယ်။

အချဉ်ဖောက်မုန့်သား Starter Dough အတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၃၀ ဂရမ်

ရေ  –  ၅၀ ဂရမ်

Yeast (ပွဆေး)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

          ပါဝင်ပစ္စည်းအားလုံးရောမွှေပြီး အနည်းဆုံး ၅ နာရီကြာထားပြီးမှ အချဉ်ပေါက်လာလျှင် အသုံးပြုနိုင်ပါပြီ။ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး နေ့စဉ်လိုအပ်သလောက် ထုတ်ယူသုံးစွဲနိုင်ပါတယ်။

Ciabatta အတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ဝ ဂရမ်

ရေ  –  ၃၂၀ ဂရမ်

Yeast (ပွဆေး)  –  ၅ ဂရမ်

ဆား  –  ၁၀ ဂရမ်

သံလွင်ဆီ  –  ၃၀ ဂရမ်

Starter Dough (အချဉ်ဖောက်မုန့်သား)

နှမ်းစေ့အဖြူ/အမည်း၊ နေကြာစေ့၊ ဖရုံစေ့  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       ပေါင်မုန့်ဂျုံ၊ ရေ၊ Yeast (ပွဆေး)၊ Starter Dough နှင့် သံလွင်ဆီတို့ကို မွှေစက်ထဲ ထည့်ပြီး ၁ မိနစ်ခန့် ဖြည်းဖြည်းမွှေပါ။ ဆားထည့်ပြီး Medium ဖြင့် ၅ မိနစ်ခန့်မွှေပြီး နှမ်းစေ့ အဖြူ/အမည်း၊ နေကြာစေ့နှင့် ဖရုံစေ့ ၈၀ ဂရမ်ခန့်တို့ကို ရော၍ မွှေပါ။ ကျန်အစေ့များကို Topping အတွက် ထားပါ။

၂။       ပေါင်မုန့်သားနယ်၍ တော်မတော်ကို အစေ့များမထည့်ခင်မှာ စမ်းသပ်နိုင်ပါတယ်။ ဂျုံသား အနည်းငယ်ပူ၍ လက်ချောင်းလေးများဖြင့် ဂျုံသားကိုဖိပြီး ပါးပါးကျန်အောင် ဖြည်းဖြည်း ဆွဲပေးပါ။ ဂျုံသားပြဲထွက်၊ ပြတ်ထွက်လျှင် ဆက်၍မွှေပါ။ မပြဲ၊ မပြတ်တော့ဘူးဆိုလျှင် ရပါပြီ။

၃။       ဂျုံသားကိုလုံး၍ ဇလုံထဲထည့်ပြီး အပေါ်ကို ပလတ်စတစ်နှင့်အုပ်ကာ မိနစ် ၃၀ ခန့် အနားပေးပြီး အပွခံထားပါ။ ပွလာသောဂျုံသားကို သုံးပိုင်းပိုင်း၍ လုံးပြီး မိနစ် ၃၀ခန့် အပေါ်ကို ပလတ်စတစ်နှင့် အုပ်၍ ထပ်မံအနားပေးပြီး အပွခံပါ။

၎။       ပွလာသော ဂျုံသားကို လက်နှင့်ရိုက်ပြား၍ လေထုတ်ပြီး တစ်လိပ်ချင်းလိပ်ကာ ၈ လက်မ အရှည်ခန့် အချောင်းရအောင် လိပ်၍ မုန့်ဖုတ်ဗန်းထဲထည့်ပြီး အပွခံပါ။ ပေါင်မုန့်အပေါ်မှာ ရေအနည်းငယ်သုတ်ပြီး နှမ်းစေ့အဖြူ/အမည်း၊ နေကြာစေ့နှင့် ဖရုံစေ့တို့ကို ရော၍ ပေါင်မုန့်ပေါ် ဖြူးပေးပါ။

၅။       မီးအပူချိန် အပေါ်၊ အောက် 200˚C တင်ထားပါ။ အပွခံထားသော ပေါင်မုန့် နဂိုထက် တစ်ဆနီးပါးဖြစ်လာလျှင် အသင့်အပူချိန်ရှိသော မီးဖိုထဲထည့်ပြီး ၁၅ မိနစ်ခန့် ဖုတ်ပါ။ ရွှေဝါရောင်သန်းလာလျှင် ရပါပြီ။ အရောင်မရသေးလျှင် အနည်းငယ် ၅ မိနစ်ခန့် ထပ်မံ၍ ဖုတ်ပါ။ ပေါင်မုန့်ကျက်လျှင် အအေးခံပြီး ကော်ဖီနှင့်သော်လည်းကောင်း၊ အသားညှပ်၍သော်လည်းကောင်း ကြိုက်နှစ်သက်သလို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Facebook Comments