Miso Soup

by Hsu Myat Oo for Food Magazine

          ဒီဟင်းရည်လေးက ဂျပန်နိုင်ငံရဲ့ ရိုးရာဟင်းရည်တစ်မျိုးဖြစ်ပြီး အလွယ်ကူဆုံး လိုက်လုပ်နိုင်အောင် လုပ်ပြပေးထား ပါတယ်။ ဒီလောက်လွယ်ကူတဲ့ ဟင်းရည်လေးဖြစ်လို့ အထင်မသေးလိုက်နဲ့။ ဒီဟင်းရည်လေးကနေ ရနိုင်တဲ့အာဟာရ ဓာတ်တွေကို ကြည့်ရအောင်။ ရေညှိမှာ ဖောလိတ် (Folate)၊ ကယ်စီယမ် (Calcium)၊ မဂ္ဂနီစီယမ် (Magnesium)၊ ဇင့် (Zinc)၊ သံဓာတ် (Iron) နှင့် စီလီနီယမ် (Selenium) စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ပရိုတင်းပါဝင်မှု မြင့်မားပါတယ်။ လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှုပိုများပါတယ်။ သဘာဝအတိုင်း အိုင်အိုဒင်းပါဝင်တာကြောင့် သိုင်းရွိုက်ဂရင်းကို ကောင်းမွန်စေပါတယ်။ ဗက်တီးရီးယားကာကွယ်နိုင်စွမ်း မြင့်မားပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပါတယ်။ ကယ်စီယမ်ပါဝင်မှု အပြည့်ဝဆုံး အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အစာဖျက်အားကို အကောင်းဆုံးဖြစ်စေတဲ့ အစာတစ်မျိုးလည်း ဖြစ်ပါတယ်။ တိုဟူးက သွေးအားကောင်းစေတယ်။ ခန္ဓာကိုယ်ကိုကျန်းမာတဲ့ ကိုလက်စရောအဆင့်မှာ ရှိစေတယ်။ အရိုးတွေကို သန်မာစေပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို ကမ္ဘာအေးဘုရားလမ်းပေါ်မှာက ပုလဲကွန်ဒိုရှေ့မှာရှိတဲ့ Promart နှင့် ဝေဇယန္တာလမ်းပေါ်က AEON Orange မှာ ဝယ်ယူလို့ရပါတယ်။

ပါဝင်သောပစ္စည်းများ (၂ ယောက်စာ)

Shiro Miso အနှစ်  –  စားပွဲဇွန်း ၃ ဇွန်း

Dashi ဟင်းခတ်မှုန့်  –  လက်ဖက်စားဇွန်း ၃ ဇွန်း

ရေညှိဖတ်  –  စားပွဲဇွန်း၁ဇွန်း

ဂျပန်တိုဟူး  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ရေညှိဖတ်များကို ရေစိမ်ထားပါ။ ရေညှိဖတ်များက စိမ်ထားရင်း ကြီးလာတာကြောင့် ကတ်ကြေးနှင့် အနေ တော်လေးတွေ ညှပ်ပေးဖို့ လိုပါတယ်။

၂။       သောက်မယ့်အနေအထားကို ရေနွေးအိုး တည်ပေးပါ။ Shiro Miso အနှစ်နဲ့ Dashi ဟင်းခတ်မှုန့်ထည့်ပေးပါ။ အရသာမြည်းပါ။ အရသာအနေတော်ဖြစ်ပြီဆိုလျှင် အရည်တွေကို ဆန်ခါနှင့် စစ်ပေးပါ။

၃။       သောက်မယ့်ပန်းကန်ထဲမှာ တိုဟူးများကို အတုံးသေးသေးလေးများ တုံးပြီးထည့်ပါ။ ရေညှိဖတ်များထည့်ပါ။ ပန်းကန်ထဲ ဟင်းရည်လောင်းထည့်၊ ကြက်သွန်မြိတ် လှီးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments