Lemon Souffle

by Chef Saw Sar Mular for Food Magazine

          Souffle ဟာ ကြက်ဥကို အခြေခံထားပြီး ကြွေခွက်ထဲ ထည့်ဖုတ်၍ ပူပူလေးကို Vanilla Ice Cream နဲ့ တွဲစားရတဲ့ ပြင်သစ်နာမည်ကြီး အစားအစာတစ်ခုပါပဲ။ ကြက်ဥအနှစ်နဲ့လုပ်ကာ ကြက်ဥအကာကို Meringue လိုရိုက်ပြီး အခြားပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ် ပြုလုပ်ထားပါတယ်။ အချိုပွဲအဖြစ်သာမက ဟင်းခတ် အမွှေးအကြိုင် ချဉ်၊ ငန်၊ စပ် အရသာအမျိုးမျိုးကိုလည်း ထည့်ပြီး အရသာရှိစွာ လုပ်စားလို့ရပါတယ်။ အချိုပွဲ အနေနဲ့ကတော့ ချောကလက်၊ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ သံပရိုသီး စသည်ဖြင့် အသီးအမျိုးမျိုးနဲ့ လုပ်စားလို့ရပါတယ်။ အရက်၊ ဝိုင်အရသာတွေနဲ့လည်း လုပ်စားလို့ရပါတယ်။ Hot Souffle နဲ့ Frozen Souffle ဆိုပြီး အပူစာနဲ့ အအေးစာ လုပ်စားလို့လည်း ရပါတယ်။  အပူစာအနေနဲ့ Hot Souffle စားမယ်ဆိုရင် မီးဖိုထဲက ထွက်တာနဲ့ ခွက်ကိုလျှံပြီး မြင့်တက်နေတဲ့ အနေအထားမျိုးမှာ စားနိုင်ရပါမယ်။ အဲဒီလိုမလုပ်ရင် မီးဖိုကနေ အပြင်ရောက်သွားတဲ့အချိန်မှာ ၂ မိနစ်အတွင်း Souffle က နိမ့်ဆင်းသွားပြီး ကြည့်လို့လည်း မလှတော့ပါဘူး။ ကဲ… ပရိသတ်တို့ရေ၊ စိတ်လှုပ်ရှားစွာနဲ့ လုပ်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၃၀ ဂရမ်

ကိတ်ဂျုံ  –  ၅၀ ဂရမ်

နွားနို့  –  ၂၄၀ ဂရမ်

ဆား  –  အနည်းငယ်

သံပရိုအခွံ  –  ၁ လုံး (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)

သံပရိုရည်  –  စားပွဲဇွန်း ၁ ဇွန်း

သကြား  –  ၆၀ ဂရမ်

ကြက်ဥအနှစ်  –  ၄ ခု

ကြက်ဥအကာ  –  ၄ ခု

ပြုလုပ်နည်း

၁။       အိုးထဲ ထောပတ်ထည့်၍ မီးဖိုပေါ်တင်ကာ အရည်ဖျော်ပြီး ကိတ်ဂျုံထည့်ပါ။ အိုးတစ်လုံးထဲမှာ နွားနို့ကျိုပါ။ ဆားထည့်၊ သမအောင်ရောမွှေပြီး ဆူပွက်လာတဲ့အထိ ထားပါ။ ထောပတ်အရောကို နွားနို့အရောထဲထည့်ပြီး အနည်းငယ်ပျစ်လာသည်အထိ ဆက်တိုက်မွှေပါ။

၂။       သံပရိုအခွံကို ခြစ်ထည့်ပြီး အရည်လည်း ထည့်ပါ။ အပေါ်ကြောများ မတင်းအောင် အပေါ်ကို ပလတ်စတစ်နှင့် ဖုံးထားပါ။

၃။       ကြက်ဥအကာကို အမြှုပ်ထပြီး ဖြူလာအောင် ရိုက်၍ သကြားကို ဖြည်းဖြည်းချင်း ကုန်အောင် ထည့်ပါ။ ဖြူ၍ ပျစ်လာပြီး မွှေတံဖြင့် ဆွဲတင်လိုက်လို့ အမျှင်တန်းတန်းလေး ဖြစ်နေလျှင် ရပါပြီ။ ကြက်ဥအကာရိုက်ထားသော ခရင်မ်ကို Meringue လို့ ခေါ်ပါတယ်။

၎။       ကြက်ဥအကာတစ်ဝက်ကို ပထမအအေးခံထားသော Custard မုန့်နှစ်ထဲ ညင်သာစွာ ရောမွှေပါ။ ပြီးလျှင် ကျန်ကြက်ဥအကာကို ထည့်ပြီး သမအောင် ညင်သာစွာ ဆက်၍မွှေပါ။

၅။       Souffle ထည့်ရန်ြွေကခွက်ကို ထောပတ်သုတ်ပြီး သကြားနှင့် ခွက်အတွင်းနံရံအောက်ကို သကြားကပ်ပေးပါ။ Souffle အရည်ကို ခွက်ထဲသို့ အပြည့်ထည့်ပြီး အပေါ် အောက် မီးအပူချိန် 200˚C နှင့် ၂၀ မိနစ်ခန့် ဖုတ်ပါ။ Souffle ခွက်ထည့်သော မုန့်ဗန်းထဲသို့ Pudding ဖုတ်သကဲ့သို့ ရေထည့်ပေးပြီး ဖုတ်ရတယ်။ မုန့်သားများက ခွက်နှုတ်ခမ်းထက်သို့ လျှံ၍ တက်လာပါမယ်။ မုန့်သားအလယ်ကို လက်နှင့် ဖိကြည့်ပါ။ မုန့်သား မချိုင့်သွားလျှင် ကျက်ပါပြီ။ ၅ မိနစ်အတွင်း ပူပူလေးအရသာရှိစွာ စားသုံးနိုင်ပါပြီ။ အချိန်ကြာသွားလျှင် မုန့်သားများ ချိုင့်ဝင်သွားပါမယ်။ လိုအပ်လျှင် သကြားမှုန့်ဖြူး၍ အလှဆင်ပါ။

Facebook Comments