Fortune Cookies (ဗေဒင်ကွတ်ကီး)

by Hsu Myat Oo for Food Magazine

          Fortune Cookies ဆိုတာက ကြွပ်ကြွပ်လေးနဲ့ ဆိမ့်ဆိမ့်အရသာရှိတဲ့ ကွတ်ကီးလေးပဲ ဖြစ်ပါတယ်။ မုန့်အတွင်းမှာ ဗေဒင်၊ ထီနံပါတ်လေးတွေ၊ ကံကောင်းစေတဲ့ နံပါတ်လေးတွေ စတာတွေကို စာရွက်လေးတွေနဲ့ရေးပြီး ထည့်သွင်းလုပ်ကြတာကြောင့် Fortune Cookies လို့ ခေါ်ခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ချစ်သူများနေ့လိုမျိုးမှာ ချစ်သူအတွက် စာလေးတွေရေးပြီး ထည့်လုပ်လာကြတာကို တွေ့မြင်ဖူးကြမှာပါ။ အများဆုံးကတော့ ကိုရီးယားကားတွေထဲမှာ တော်တော်လေး မြင်ဖူးကြမှာပါ။

          ဒီကွတ်ကီးလေးတွေက အမေရိကားနှင့် အနောက်ပိုင်း နိုင်ငံတော်တော်များများက တရုတ်စားသောက်ဆိုင်တိုင်းမှာ အချိုပွဲအနေနဲ့ ပေးလေ့ရှိပေမယ့် တရုတ်နိုင်ငံမှာတော့ ဒီဓလေ့ကို မသုံးကြပါဘူး။ Fortune Cookies နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းလေးက သိပ်ပြီး တိတိကျကျမသိပေမယ့် ၂၀ ရာစုနှစ်အစောပိုင်းမှာတော့ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ လူမျိုးခြားတွေ၊ နိုင်ငံရပ်ခြားကနေ လာရောက် နေထိုင်သူတွေကြားထဲမှာ ပိုပြီး နာမည်ကြီးတယ်လို့ သိရပါတယ်။

          ၁၉ ရာစုနှစ်ကို ပြန်သွားရမယ်ဆိုရင် ယခုခေတ်သစ် Fortune Cookies နဲ့ ဆင်တူတဲ့ ကွတ်ကီးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်စတိုင် ကွတ်ကီးမှာတော့ နည်းနည်းလေးကွဲပြားတာကို တွေ့ရပါတယ်။ ပိုကြီးပြီးတော့ အရောင်ကိုလည်း မည်းတဲ့ မုန့်သားနဲ့ ပြုလုပ်ထားပါတယ်။ ဗနီလာအနံ့နဲ့ ထောပတ်အစား နှမ်းစေ့နဲ့ မီဆိုအနှစ်ကိုသုံးပြီး ပြုလုပ်တာဖြစ်ပါတယ်။ စာရွက်လေးတွေကို မုန့်နဲ့တွဲလုပ်ပေမယ့် အတွင်းမှာ ထည့်လုပ်တာမဟုတ်ဘဲ အပြင်အကွေးကနေ ထည့်ပြီး လုပ်ကြတာဖြစ်ပါတယ်။ Makoto Hagiwara က အမေရိကန်ကို ပထမဆုံးကွတ်ကီးတင်သွင်းတဲ့သူဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်နှင့် ၁၉၀ဝ ပြည့်နှစ်တို့မှာ ခေတ်သစ် Fortune Cookies ကို San Francisco မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

          ၁၉၁၈ ခုနှစ်မှာတော့ ဟောင်ကောင်ခေါက်ဆွဲကုမ္ပဏီရဲ့ တည်ထောင်သူဖြစ်တဲ့ David Jung က ကွတ်ကီးတွေ ထုတ်လုပ်ထားကြောင်းကို မူပိုင်ခွင့် တောင်းဆိုလာတယ်။ Fugetsu-do ရဲ့ တည်ထောင်သူဖြစ်တဲ့ Seiichi Kito ကလည်း မူပိုင်ခွင့်ကို တောင်းဆိုလာပါတယ်။ သူက ဂျပန်ပြည်က ဘုရားကျောင်းတွေမှာ ရောင်းနေတဲ့ ဗေဒင်စာရွက်လေးတွေကနေ အကြံဥာဏ်ရပြီး ကွတ်ကီးထဲမှာ ဒီအကြံဥာဏ်လေးကို အသုံး ချဖြစ်သွားတာလို့ ဆိုပါတယ်။ သူ့ရဲ့ပြောပြချက်တွေအရ Los Angeles နဲ့ San Fransisco က တရုတ်စားသောက်ဆိုင်တွေကို အားတက်သရော ဖြန့်ထားခဲ့ပါတယ်လို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲကြီးအတွင်းမှာတော့ Fortune Cookies ကို Fortune Tea Cake လို့ သိလာကြပါတယ်။

          ၂၀ ရာစုနှစ်အစောပိုင်းမှာတော့ Fortune Cookies ကို လက်နဲ့ပြုလုပ်ကြပေမယ့် နောက်ပိုင်းမှာတော့ စက်ပစ္စည်းတွေနဲ့ ပြုလုပ်လာကြပါတယ်။ ယနေ့ခေတ်မှာတော့ အမေရိကန်တော်တော်များများက Fortune Cookies ကို  တရုတ်စားသောက်ဆိုင်တွေက သရေစာအနေနဲ့ပဲ ရင်းနှီးကြပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥအကာ  –  ၄ လုံး

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၆ ဇွန်း

ကိတ်ဂျုံ  –  ၂၀ဝ ဂရမ်

သကြား  –  ၂၀ဝ ဂရမ်

ကော်မှုန့်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ  –  စားပွဲဇွန်း ၈ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥအကာကို ခေါက်ထားပါ။ ဂျုံနှင့် သကြားကို ဆန်ခါနဲ့စစ်ပြီး ရောမွှေပါ။ ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး အရမ်းပျစ်နေတယ်ထင်လျှင် ရေနည်းနည်း ထပ်ရောပါ။

၂။       ဆီစိမ်စက္ကူပေါ်မှာ မုန့်နှစ်ကို ဇွန်းနဲ့ အဝိုင်းလေးတွေ လုပ်ပေးပါ။ ဆီစိမ်စက္ကူ အထူသားဆိုလျှင် ပိုကောင်းပါတယ်။ အရမ်းကြီး မပါးပါစေနဲ့။ မြန်မြန်ကျက်သွားစေလို့ပါ။ အရမ်းကြီးလည်း မထူပါစေနဲ့။

၃။       မီးဖိုကို အပူချိန် အပေါ်၊ အောက် 200˚C လောက်ထား၍ ၁ မိနစ်၊ ၂ မိနစ်လောက်ပဲ ဖုတ်ပြီး ပြန်ထုတ်ပါ။ လက်နဲ့ထိကြည့်လိုက်လို့ ခြောက်နေလျှင် မီးဖိုထဲက ထုတ်ပါ။

၎။       မီးဖိုက ထုတ်ပြီးပြီးချင်း ထက်ခြမ်းခေါက်ပါ။ ပြီးလျှင် ခွက်လေးတစ်ခုကိုယူ၍ ခွက်အနားပေါ် မုန့်တင်ပြီး ပက်လက်ပြန်ခေါက်ပါ။ အကယ်၍ စာလေးတွေ ထပ်ခေါက်ချင်လျှင် ဒီအဆင့်ရဲ့ အစမှာကတည်းက ထည့်ခေါက်ပါ။

၅။       ဆုမြတ်ကတော့ မီးဖိုမီးကို ပိတ်လိုက်ပါတယ်။ ကျန်နေတဲ့ မီးဖိုရဲ့အပူရှိန်နဲ့ ဆက်ပြီး ဖုတ်ပါတယ်။ မုန့်တွေကို Cupcake ဖုတ်တဲ့ မိုလ်ထဲမှာထည့်ပြီး မီးဖိုထဲမှာ မုန့်တွေ အရောင်ရသည်အထိ ဖုတ်ပေးပါ။ Cupcake မိုလ်ထဲမှာ ထည့်ရတာကတော့ ဒီအတိုင်း ဗန်းထဲမှာ ထည့်ပြီး ဖုတ်မယ်ဆိုလျှင် ပြန်ပြီး ပြန့်သွားတတ်လို့ပါ။

Facebook Comments