Energy Bomb

Energy Bomb

          နောက်ထပ်တစ်ခုကတော့ Vodka ကြိုက်တဲ့သူတွေ အတွက်ပါ။ Vodka နဲ့ဖျော်ထားတာဖြစ်ပေမယ့် အရသာက ထင်သလောက်မပြင်းဘဲ အချိုဘက်ရောက်တာမို့ကော့ တေးလ်ကြိုက်တဲ့မိန်းကလေးတွေ အပျော်သဘောအနေနဲ့ သောက်လို့လည်း အဆင်ပြေမှာပါ။ Vodka ကို အဓိကအရသာ အနေနဲ့ ဖြည့်စွက်ထားတာကတော့ အားဖြည့်အချိုရည်နဲ့ပါ။ Red Blue နဲ့ Vodka တို့ရဲ့ ပြင်းရှရှအရောကို သခွားသီး အလွှာလေးတွေနဲ့ သခွားသီးအရသာ အချိုရည်တို့က ဖြည့်စွက်ပေးထားတာမို့ တမူထူးခြားတဲ့အရသာကို ခံစားမိမှာပါ။ ကော့တေးလ်သောက်ရင်း သခွားသီးစိတ်လေးတွေကိုလည်း မြည်းလို့ရတာမို့ အမြည်းဖိုးသက်သာမယ်လို့ဆိုချင်ပါတယ်။ အလကားစတာပါနော်။  သူငယ်ချင်းတွေနဲ့ စကားပြောရင်းကော့ တေးလ်သောက်မယ်ဆို သောက်ရတာလည်း ပမာဏများတာမို့ အေးအေးဆေးဆေး ညနေပိုင်းဝိုင်းဖို့ရာ အဆင်အပြေဆုံး ကော့တေးလ်လေးဖြစ်လို့ ဒီတစ်လအတွက် စာရေးသူ အကြိုက် ကော့တေးလ်လေးအဖြစ်ဖော်ပြလိုက်ရပါတယ်။ ဖျော်မယ်ဆို ကော့တေးလ်အတွက် လိုအပ်တဲ့ပစ္စည်းတွေက တော့ –

►   ပါဝင်ပစ္စည်းများ

♦   Smirnoff Vodka    –   45 ml

♦   Lime Juice    –    10 ml

♦   Monin Cucumber Syrup    –    10 ml

♦   Red Bull or Shark    –    240 ml (top up)

♦   Cucumer    –    2 Slices ခန့်

    (ရှည်မြောမြောဖြစ်ဖြစ် ဝိုင်းဝိုင်းဖြစ်ဖြစ် မိမိနှစ်သက်ရာအသုံးပြုနိုင်ပါသည်)

►   ပြုလုပ်နည်းအဆင့်ဆင့်

          ကဲပထမဦးစွာစဖျော်ဖို့အတွက် ရေစင်စင်ဆေးထားသော သခွားသီး အစိတ်ကြီးကြီးကို ပုံထဲကလို ဒေါင်လိုက်ပါးပါး ဖြစ်ဖြစ်ဝိုင်းဝိုင်းပဲဖြစ်ဖြစ် မိမိနှစ်သက်ရာ လတ်ဆတ်သော သခွားသီးစိတ်ကြီးကြီးကို ဖန်ခွက်ထဲထည့်ပါ။ အလယ်က အူတိုင်အစေ့ကလေးတွေတော့ ဖယ်ပစ်လိုက်လို့ရပါတယ်။  ပြီးလျှင် Muddler ခြေတံဖြင့် ဖန်ခွက်ထဲက သခွားသီးလေးတွေကို သခွားသီးရနံ့အနည်းငယ်ထွက်သွားအောင် ကြိတ်ခြေလိုက်ပါ။ ထို့နောက် ရေခဲအတုံးကြီးကြီးလေးများကို ခွက်နှုတ်ခမ်းရောက်အောင်ဖြည့်လိုက်ပြီးပါက ဖော်ပြပါအချိုးအစားအ တိုင်း Vodka ကို ချင်တွယ်ထည့်ပါ။ ပြီးလျှင် သခွားသီး Syrup အနည်းငယ်၊ သံပရာရည်အနည်းငယ်တို့ကို ထည့်ပြီးပါက နောက်ဆုံးအနေနဲ့ အားဖြည့်အချိုရည်ကို လောင်းထည့်ပြီးပါက အသင့်သုံးဆောင်လို့ရပါပြီနော်။ မသောက်ခင် ဇွန်းရှည်ရှည်လေးနဲ့လည်း အသာအယာမွှေပေးလိုက်ပါဦးနော်။ ဖျော်ရတာလည်းလွယ်ပါတဲ့ ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူရနိုင်တာမို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လက်စွမ်းပြ ဖျော်သောက်လိုက်ကြအောင်ပါ။

♦   Pyone   ♦

Facebook Comments