Chicken Pie (ကြက်သားအဆာသွတ်မုန့်)

by Win Zaw @ Mario Win Zaw for Food Magazine

          ကြက်သားပိုင်မုန့်ကိုတော့ အတော်များများက ဥရောပပုံစံပဲ လုပ်တာများပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်သူငယ်ချင်း အိန္ဒိယသားတစ်ယောက်ကို စားစေချင်လို့ အိန္ဒိယပုံစံ ကြက်သားချက်ပြီး လုပ်ထားပါတယ်။

ဂျုံသားအတွက် ပါဝင်ပစ္စည်းများ

ဂျုံ  –  ၅၀ဝ ဂရမ်

ထောပတ်  –  ၅၀ ဂရမ်

ဆား  –  ၁၀ ဂရမ်

သကြား  –  ၅၀ ဂရမ်

ရေအေး  –  လိုသလောက်

ကြက်သားအစာချက်အတွက် ပါဝင်ပစ္စည်းများ

ကြက်သားအတုံးသေး  –  ၅၀ဝ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  စားပွဲဇွန်း ၁ ဇွန်း

အာလူးပြုတ်  –  ၁ လုံး

ပန်းငရုတ်ပွ  –  ၁ လုံး

မုန်လာဥနီ  –  အနည်းငယ်

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မဆလာ  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ငရုတ်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  –  ၃၀ ဂရမ်

ပူဒီနာ  –  အနည်းငယ်

ချင်း  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်ဥ  –  ၁ လုံး

ပြုလုပ်နည်း

၁။       ဦးစွာ ဂျုံသားလုပ်ဖို့ ပါဝင်ပစ္စည်းများအားလုံးကို နယ်ပါ။ အရမ်းမပျော့ပါစေနဲ့။ ပြီးလျှင် မိနစ် ၂၀ ခန့် ခဏထားပါ။

၂။       အဲဒီအချိန်မှာ ကြက်သားအစာချက်ရပါမယ်။ ဆီကို အပူပေး၍ ချင်း၊ ကြက်သွန်ဖြူ ဆီသတ်ပြီး ပါဝင်ပစ္စည်းများထည့်ကာ ခပ်ခြောက်ခြောက်လေး ချက်ပါ။ အရသာ စိတ်ကြိုက်ဖြစ်လျှင် ခဏအအေးခံထားပါ။

၃။       ပြီးလျှင် ဂျုံသားကို အပြားလှိမ့်ပြီး လေးခေါက်လောက် ချိုးထပ်ပါ။ (မထပ်ဘဲထားလျှင် ရပေမယ့်လည်း စားရတာ မာလို့ပါ။) ပြီးလျှင် ပုံထဲကအတိုင်း အောက်ခြေခင်း ချက်ထားတဲ့ အသားထည့်ပြီး အပေါ်မှ ဖျာပုံလေးရစ်၍ ထပ်ပေးပါ။ ပြီးလျှင် အပေါ်မှ ကြက်ဥလေးသုတ်ပြီး အပူချိန် 180˚C ပေးထားတဲ့ အာဗင်ထဲမှာ ဖုတ်ပါ။ မိနစ် ၅၀ ခန့်ဆိုလျှင် ရပါပြီ။

Facebook Comments