Beef Kebab with BBQ Sauce (အမဲသားကင်နှင့် ဘာဘီကျုဆော့စ်)

by နန်းအုအုခင် for Food Magazine

          နန်းအုက ဒီလမှာတော့ Food Magazine ပရိသတ်ကြီးအတွက် Beef Kebab with BBQ Sauce (အမဲသားကင်နှင့် ဘာဘီကျုဆော့စ်) ကို ချက်ပြထားပါတယ်။ အမဲသား မစားတဲ့ ပရိသတ်တွေကတော့ ဝက်သား၊ ကြက်သားအစရှိသည်တို့ကို လုပ်စားလို့ရပါတယ်။ အမဲသားကတော့ သွေးအားကောင်းစေပြီး အသီးအနှံလေးလည်း ပါတဲ့အတွက် ဗီတာမင်ဓာတ်တွေပါ ရရှိနိုင်ပါတယ်နော်။

အမဲသားကင်လုပ်ရန် ပါဝင်ပစ္စည်းများ

အမဲသား  –  ၅၀ ကျပ်သား

ဂျပန်သခွားသီး  –  ၁ လုံး

ခရမ်းချဉ်သီးအသေး (Cherry Tomato)  –  ၁၀ဝ ဂရမ်

ငရုတ်ပွ အဝါ  –  ၂၀ဝ ဂရမ်

ရုံးပတီသီး  –  ၂၀ဝ ဂရမ်

ဆီ  –  အနည်းငယ်

BBQ Sauce  –  ၅၀ဝ ဂရမ်

အမဲသားနှင့် အသီးအနှံများ နယ်ရန် ပါဝင်ပစ္စည်းများ

ပဲငံပြာရည်အနောက် (Dark Soy Sauce)  –  ထမင်းစားဇွန်း ၅ ဇွန်း

နှမ်းဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ  –  ၅ မြွှာ (အကြီး)

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

          အမဲသားကို ၁ လက်မအရွယ် အတုံးလေးများတုံးပြီး ပန်းကန်လုံးအကြီးထဲ ထည့်ထားပါ။ ခရမ်းချဉ်သီးအသေး၊ ၁ လက်မအရွယ်လှီးထားတဲ့ ဂျပန်သခွားသီး၊ ရုံးပတီသီးနှင့် ငရုတ်ပွအဝါတို့ကို အမဲသားထည့်ထားသော ပန်းကန်လုံးထဲထည့်ပြီး နှမ်းဆီ၊ ပဲငံပြာရည်အနောက်၊ ဆားနှင့် အသင့်ထောင်းထားသော ကြက်သွန်ဖြူတို့ကို ထည့်၍ သမအောင် နယ်ပါ။

          ၅ မိနစ်ခန့်ထားပြီးလျှင် Griller (အကင်ဖို) ပေါ်မှာ မိနစ် ၃၀ ခန့် လှည့်ပြီး ကင်ပါ။

          ကင်တဲ့အခါ ဆီကို Spray ဘူးထဲထည့်၍ အကင်ဖိုကို အရင်ဖျန်းပြီး အသားကို ဖိုပေါ်တင်၍ ကင်ပါ။ အသားကို ဆီဖျန်းပြီး ကင်ပါ။ အသားကျက်လျှင် BBQ ဆော့စ်သုတ်၍ အချိန်အနည်းငယ်ကြာ ကင်ထားပေးပြီး ပန်းကန်ထဲထည့်၍ သုံးဆောင်နိုင်ပါပြီ။

Facebook Comments