Apple, Zucchini and Carrot Cake

by Hsu Myat Oo for Food Magazine

          အသီးလေးတွေ၊ ဟင်းသီးဟင်းရွက်လေးတွေပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိတ်လေးလုပ်ပြချင်ပါတယ်။ ပန်းသီးနဲ့ မုန်လာဥနီနဲ့ ပတ်သက်ပြီး ကျန်းမာရေးအကြောင်းလေးကို ကြားဖူးကြမယ်၊ ဖတ်ဖူးကြမယ်လို့ ထင်ပါတယ်။ အခုတော့ Zucchini အကြောင်းလေးကို ပြောပြမယ်နော်။ Zucchini က သခွားသီးမျိုးနွယ်ဖြစ်ပြီးတော့ သခွားသီးလိုမျိုး အရည်များတာ၊ အစေ့များတာမျိုး မရှိပါဘူး။ Zucchini မှာပါတဲ့ ကင်ဆာကို တိုက်ထုတ်ပေးနိုင်တဲ့ အင်တီအောက်စီဒင့်တွေ အများကြီး ပါဝင်ပါတယ်။ ပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်းရှိတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းပေးထားတယ်။ အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။ ငယ်ရွယ်တဲ့သွင်ပြင်ကို ရရှိစေပြီး ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ကိုယ်အလေးချိန်ကို ကျစေတယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့သတ္တိတွေ ပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ပန်းနာရင်ကျပ်မဖြစ်အောင်လည်း တိုက်ထုတ်ပေးပါတယ်။ အစာခြေဖျက်အားနှင့် သွေးစီးဆင်းမှုကို ကောင်းစေတယ်။ အရိုးနဲ့သွားတွေကို သန်မာစေတယ်။ ဥာဏ်ရည်ကို ကောင်းမွန်စေတယ်။ Zucchini က ကိုယ်ဝန်ဆောင်သည်တွေအတွက် အရမ်းကိုသင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၂ လုံး

သကြား  –  ၈၀ ဂရမ်

SP  –  ၈ ဂရမ်

ကိတ်ဂျုံ  –  ၁၁၀ ဂရမ်

ကော်မှုန့်  –  ၁၂ ဂရမ်

မုန့်ဖုတ်ပေါင်ဒါ  –  ၄ ဂရမ်

ဆီ  –  ၆၀ ဂရမ်

ရေ  –  ၄၀ ဂရမ်

နွားနို့  –  ၄၀ ဂရမ်

ဆား  –  အနည်းငယ်

သစ်ကြံပိုးခေါက်  –  အနည်းငယ်

ပန်းသီး  – ၁ လုံး

မုန်လာဥနီ  –  ၁/၂ လုံး

Zucchini  –  ၁/၂ လုံး

ဗနီလာအနံ့  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်ဥ၊ သကြားနှင့် SP တို့ကို စက်ထဲထည့်ပြီး သမအောင် ရောမွှေပါ။ ကိတ်ဂျုံ၊ သစ်ကြံပိုးခေါက်၊ ကော်မှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ကို ထည့်ပြီး လက်ဖြင့် သမအောင် မွှေပါ။

၂။       ပန်းသီးကို အခွံနွှာပြီး အတုံးသေးသေးလေးတွေ တုံးထားပေးပါ။ မုန်လာဥနီနဲ့ Zucchini ကို အခွံနွှာပြီး ခြစ်နဲ့ခြစ်ထားပါ။ အားလုံးကို ဂျုံလက်တစ်ဆုပ်လောက်နဲ့ နယ်ထားပေးပါ။

၃။       မုန့်နှစ်ကို တစ်ဝက်စီဖယ်ပြီး တစ်ဝက်ထဲကို ဆီ၊ ရေ၊ နွားနို့၊ ဆားနှင့် ဗနီကာကို ထည့်ပြီး အားလုံးရောသွားအောင် သေချာလေးမွှေပါ။ အသီးတွေထည့်ပြီး ရောပါ။ ကျန်တဲ့မုန့်နှစ်ကို ထည့်ပြီး ဖြေးဖြေးလေးရောမွှေပါ။

၎။       မုန့်နှစ်တွေကို ကိတ်ဖုတ်မည့်ခွက်ထဲ ထည့်ပြီး အပူချိန် အပေါ်အောက် 180˚C ခန့်နဲ့ မိနစ် ၃၀ ခန့် ဖုတ်ပါ။ ကိတ်သားကို တုတ်နဲ့ထိုးလိုက်လို့ မုန့်နှစ်တွေ ကပ်မပါတော့ဘူးဆိုလျှင် ရပါပြီ။

Facebook Comments