နှမ်းမည်းမုန်ညင်းထုပ်

by မေဖြိုးသီ for Food Magazine

          Asian Food တစ်မျိုးကိုမှ fine dinning စတိုင် plating လေးရော ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒါကိုတော့ လူကြီးတွေ ပိုနှစ်သက်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေတဲ့ နှမ်းမည်းကို အသုံးပြုထားပြီး ရိုးရှင်းလှပတဲ့ ဟင်းပွဲဖြစ်တာကြောင့်ပါ။ အဲဒါ ထမင်းမလိုဘဲ ဒီအတိုင်း စားနိုင်အောင် အတွင်းမှာ ဆန်ကောက်ညှင်း ကိတ်ချောင်းလေး ထည့်သွင်းပြီး အသုံးပြုထားပါတယ်။ ကဲ… ပါဝင်ပစ္စည်းနဲ့ ပြုလုပ်နည်းလေးကိုတော့ အောက်မှာ ရေးသားဖော်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

မုန်ညင်းဖြူ  –  ၃ ရွက်ခန့်

ဝက်သား  –  ၁၀ ကျပ်သား

နှမ်းမည်း  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ  –  ၂ မြွှာ

တရုတ်မဆလာ  –  အနည်းငယ်

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်မြိတ်  –  စားပွဲဇွန်း ၁ ဇွန်း

ကော်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ကောက်ညှင်းမှုန့်  –  စားပွဲဇွန်း ၆ ဇွန်း

ဆန်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

နှမ်းဆီ  –  အနည်းငယ်

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ရှေးဦးစွာ ဝက်သားကြိတ်သားကို ကော်မှုန့်၊ ဆား၊ အသားမှုန့်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်း၊ နှမ်းမည်းထောင်း၊ တရုတ်မဆလာတို့ဖြင့် ရောနယ်ပြီး နှပ်ထားပါ။ ကြက်ဥနှစ်သက်ပါက အနည်းငယ်ထည့်နိုင်ပါတယ်။

၂။       အသားနှပ်ထားသောအချိန်မှာ ဆန်မှုန့်၊ ကောက်ညှင်းမှုန့်တို့ကို ဆားအနည်းငယ် ထည့်၍ ရေအေးဖြင့် နယ်ပေးပါ။ ထိုသို့နယ်နေချိန်မှာ ရေမများအောင် သတိထားရပါမယ်။ ရလာသော ဆန်ကောက်ညှင်းနယ်ကို ပေါင်းအိုးထဲမှာ ၁၅ မိနစ်ခန့် ရေခံပြီး ပေါင်းပေးပါ။

၃။       ပေါင်းခံထားသော ဆန်ကောက်ညှင်းကို အသာခွာယူ၍ ဆီအနည်းငယ်ဆွတ်ပြီး ပုလင်း၊ ဖန်ခွက်၊ ငရုတ်ကျည်ပွေ့ တစ်ခုခုဖြင့် ထောင်းနယ်ပေးရပါမယ်။ အနည်းငယ် ကျစ်လာပါက လက်ကို ဆီဆွတ်ပြီး ပူနေဆဲအချိန်မှာ အချောင်းလေးများရအောင် လှိမ့်ကာ ဖြတ်ပေးရပါမယ်။

၎။       ထို့နောက် နှပ်ထားသော နှမ်းမည်းဝက်သားကို မွမ်းမံပြီး ရေနွေးဖျောထားသော မုန်ညင်းဖြူရွက်ဖြင့် ထုပ်ပါ။ ၄င်းအထုပ်လေးများကို ရေခံထားသော ပေါင်းအိုးမှာ ၁၅ မိနစ်ခန့် ပေါင်းပါ။

          ယခုဆိုလျှင် ရိုးရှင်းတဲ့ နှမ်းမည်းမုန်ညင်းထုပ်လေး ရပါပြီ။ သို့ပေမယ့် စားသုံးတဲ့အခါ အထဲမှာပါဝင်သော အမည်များမြင်နိုင်အောင် မျက်စိဖြင့် အရင်စားသုံးနိုင်ဖို့ ပန်းကန်လေးထဲမှာ အလှဆင်ပေးနိုင်ပါတယ်။ အပေါ်ကနေ လိုက်ဖက်ရာ ဆော့စ်အမျိုးမျိုးနဲ့ ကြက်သွန်မြိတ် (သို့) တရုတ်နံနံများကို ဖြူးပေးပြီး လူကြီးသူမများကို မေတ္တာများဖြင့် ချက်ပြုတ်ထားသော ဟင်းလျာတစ်ပွဲဖြင့် ပြုစုပေးနိုင်ပါပြီရှင်။

*        စားလိုက်တဲ့အခါ မုန်ညင်းဖြူရဲ့မွှေးပျံ့တဲ့အနံ့ကို အရင်ခံစားရပြီး နှမ်းမည်းဝက်သားနှပ်နဲ့အတူ ဆန်ကောက်ညှင်းလေးရဲ့ ကောင်းမွန်တဲ့အရသာပါ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Facebook Comments