ကြက်သားပြား ကြက်ဥလိပ်ကြော်

FD-16

ဒီတစ်လ ၅ မျိုးတည်းနဲ့ချက်ကြမယ်အစီအစဉ်မှာ ကြက်သားပြား ကြက်ဥလိပ်ကြော် ကြော်နည်းလေး တင်ပြပေးချင်ပါတယ်။ ကြက်ဥကြော်ပါးပါးလေးထဲမှာ ကြက်သားပြားကိုထည့်လိပ်ပြီး  ပန်ကြော်ထား တာလေး က နေ့ခင်းနေ့လယ် အဆာပြေစားနိုင်တဲ့အပြင် ကလေးလေးတွေကျောင်းမုန့်ဘူးအတွက်လည်း  အကြိုက်တွေ့စရာ လွယ်ကူပြီးအရသာရှိတဲ့နည်းလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သားပြား (Chicken Ham) –           ၂ ပြား (အချောင်းရှည်ရှည်လေးများလှီးထားပါ)
  • ကြက်ဥ –           ၃ လုံး
  • ဂျုံမှုန့်     –           အနည်းငယ်  (ဇလုံတစ်လုံးထဲမှာဖြန့်ထည့်ထားပါ)
  • ပေါင်မုန့်ခြောက် (Bread Crumb) –           စားပွဲဇွန်း ၃ ဇွန်း
  • ဆီ –           လုံလောက်သောပမာဏ

ပြုလုပ်နည်း

၁။         ကြက်ဥနှစ်လုံးကို ကြေညက်အောင်ခေါက်ပြီး ဒယ်ပြားပေါ်မှာ ဆီနည်းနည်းနဲ့ လိပ်နိုင်တဲ့ အရွယ် ၂ ရွက်ရအောင်ကြော်ပါ။ ကျန်တဲ့ ကြက်ဥတစ်လုံးကိုလည်း ခေါက်ပြီးဖယ်ထားပါ။

၂။         ဂျုံကို လက်ဖက်ရည်ဇွန်းတစ်ဝက်စာခန့် ခွဲယူပြီး ရေအနည်းငယ်နဲ့ ပျစ်ပျစ်လေးဖျော်ထားပါ။

၃။         ကြက်သားပြားတစ်ပြားစာကို တစ်လိပ်နှုန်းသုံးပြီး ကြက်ဥကြော်အရွက်ပေါ်မှာထည့်ပြီး ဖွဖွလေးလိပ်ပြီး အစွန်းဘက်ကို ရေဖျော်ထားတဲ့ဂျုံနှစ်နဲ့ကပ်ပြီး ပိတ်ပေးပါ။

၎။         ရလာတဲ့အလိပ်များကို ဂျုံမှုန့်လူး ကြက်ဥခေါက်ပြီးသားအရည်မှာနှစ် မုန့်ခြောက်ကပ်ပြီး ဆီပူပူမှာနှစ်ကြော်ပါ။ မုန့်ခြောက်အရောင် ရွှေရောင်ဖြစ်လျှင် အိုးမှဆယ် ဆီစစ်ပြီး နှစ်သက်ရာ အချဉ်၊ မိုင်ယောနိစ် စတာတွေနဲ့ သုံးဆောင်နိုင်ပါပြီ။ ဒီချက်နည်းလေးနဲ့သင့်တော်တဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေကို ဖော်ပြပေးထားပါတယ်။ဒီချက်နည်းလေးမှာ ကြက်ဥကြော်လေးကို ဆီနည်းနည်းနဲ့ လိုချင်တဲ့အထူအပါးလေးအတိုင်း ကြော်နိုင်အောင် မကပ်တဲ့အိုး (Non Stick Pan)လေးတွေသုံးနိုင်ပါတယ်။ဆီပူမှာနှစ်ကြော်ဖို့အတွက် အကျက်ညီညီလေးဖြစ်အောင် အိမ်သုံး Deep Fryer လးတွေကို လည်း အသုံးပြုနိုင်ပါတယ်။ အိမ်သုံး Deep Fryer ကိုသုံးမယ်ဆိုရင်တော့ အပူချိန် ၁၈ဝ ဒီဂရီစင်တီဂရိတ် မှာ ကြော်လို့အကောင်းဆုံးဖြစ်ပါတယ်။ကြက်ဥခေါက်ဖို့ဆိုရင်တော့Wire Whisk လေးကို သုံးနိုင်ပါတယ်။

Facebook Comments