ကြက်ဆီထမင်း

by မေဖြိုးသီ for Food Magazine

          ကြက်ဆီထမင်းကတော့ ကျွန်မတို့မြန်မာတွေနဲ့ မစိမ်းတဲ့ အစားအစာလေးဖြစ်ပါတယ်။ သို့ပေမယ့် အာရှတစ်ခွင်မှာ ရနိုင်တဲ့အစားအစာလည်းဖြစ်သလို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချက်ပြုတ်ပုံချင်းလည်း မတူကြပါဘူး။ ဒီလမှာတော့ တရုတ်ပြည်ဘက်မှာ အသုံးများတဲ့ ပုံစံလေးကို ချက်ပြပါမယ်နော်။ အိမ်မှာချက်ရတဲ့အတွက် ငွေကုန်ကြေးကျလည်း ပိုပြီး သက်သာသလို အလှူ၊ မင်္ဂလာပွဲများမှာလည်း အသုံးပြုပြီး ချက်ပြုတ်လို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်  –  ၁ ကောင်

ချင်း  –  ၂ တက်ခန့်

ကြက်သွန်မြိတ်  –  ၁ စည်း

ဆား  –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူ  –  ၄၀ ဂရမ်

နှမ်းဆီ  –  ၅၀ ဂရမ်

နံနံပင်  –  ၁ စည်း

ရှမ်းဆန်  –  ၅၀ဝ ဂရမ်

ပဲဆီ  –  စားပွဲဇွန်း ၃ ဇွန်း (ဆီသတ်ရန်)

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၃ ဇွန်း

ပဲငံပြာရည်အနောက်  –  စားပွဲဇွန်း ၂ ဇွန်း

ရှလကာရည်  –  စားပွဲဇွန်း ၃ ဇွန်း

Ready Made Sauce   –  အနည်းငယ်

သခွားသီး  –  ၁ လုံး

ကြက်ဆီဖတ် (သို့) ကြက်အရေခွံ  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       ဦးစွာ ကြက်တစ်ကောင်လုံးကို ဆားဖြင့် နယ်ပြီး ရေနှင့် ပြန်ဆေးပေးပါ။ ပြီးလျှင် ပိုနေတဲ့ ကြက် အရေပြားများကို ဖယ်ပြီး ခဏသိမ်းထားပါ။ ထို့နောက် ဆားကို အတွင်းအပြင် နှံ့စပ်အောင်ဖြူးပြီး ချင်း၊ ကြက်သွန်မြိတ်များကို ကြက်ကိုယ်တွင်းထဲသို့ ထည့်၍ ၃၀-၄၅ မိနစ်ခန့် ပေါင်းပါ။

၂။       ထို့နောက် ကြက်ကို ဆယ်ယူ၍ ရေခဲရေထဲ စိမ်ပြီး အအေးခံထားပါ။ ၃ မိနစ်ခန့် စိမ်ပြီးပါက အဝတ်သန့် (သို့) တစ်ရှူးဖြင့် ရေခြောက်အောင် သုတ်ပါ။

၃။       ပြုတ်ပြီး ရေခြောက်ထားသော ကြက်ကို နှမ်းဆီဖြင့် နှံ့စပ်စွာ သုတ်လိမ်းထားပါ။ အပေါ်ယံအရောင် လှချင်လျှင် အိုဗင်မှာ မိနစ် ၂၀ ခန့် ကင်ပါ။

၎။       ဖယ်ထားသော ကြက်အရေခွံများကို နှမ်းဆီအပူပေးထားတဲ့အိုးမှာ ကြက်သွန်ဖြူ၊ ချင်း၊ နံနံပင်များဖြင့် ဆီသတ်ပါ။ ထို့နောက် ရေဆေးထားတဲ့ ဆန်များထည့်၍ ဆီရောသတ်ပြီးလျှင် ပေါင်းအိုးထဲမှာ ကြက်ပေါင်းပြုတ်ရည်ဖြင့် မိနစ် ၆၀ ခန့် ပေါင်းပါ။ ပြီးလျှင် အလွန်မွှေးကြိုင်ပြီး အရသာရှိလှတဲ့ ကြက်ဆီထမင်းလေးရပါပြီ။

၅။       ပြီးလျှင် ကြက်ဆီထမင်းအတွက် မပါမဖြစ်တဲ့ အချဉ်လေးပြုလုပ်ပါမယ်။ ဦးစွာ အချဉ်အတွက် ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ပဲဆီ၊ ရှလကာရည်တို့ဖြင့် ပြုလုပ်ပါမယ်။ နောက်တစ်ခုကတော့ ချင်း၊ ကြက်သွန်ဖြူ ဆီသတ်ကိုမှ ခရုဆီ၊ ပဲငံပြာရည် အကြည်/အနောက်၊ ကြက်ပြုတ်ရည်တို့ဖြင့် ပြုလုပ်ပါမယ်။ မိမိတို့စားနေကျ Ready Made ဆော့စ်များဖြင့်လည်း ယှဉ်တွဲစားသောက်လို့ရပါတယ်။

Facebook Comments