ကြက်ခပတ်ကြော်

by ပန်းခရေ for Food Magazine

          ကြက်ခပတ် မြန်မြန်ဆန်ဆန်ကြော်ချက်နိုင်ပြီး စားကောင်းစေတဲ့ ဟင်းတစ်ခွက် သူ့တစ်မည်တည်းနဲ့ ထမင်းမြိန်စေတာလည်း အမှန်ပါပဲရှင်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၂၅ ကျပ်သား

ဆီ  –  ၇ ကျပ်သားခန့်

ခရမ်းချဉ်သီး  –  ၃ လုံး

ကြက်သွန်နီ  –  ၅ လုံး

ချင်း  –  လက်တစ်ဆစ်

ကြက်သွန်ဖြူ  –  ၂ မြွှာ

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းစေ့  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နံနံစေ့  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဖာလာစေ့  –  ၁ စေ့

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

မဆလာ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ချက်နည်း

          ကြက်သားကို ရေဆေးသန့်စင်ပြီး လက်တစ်ဆစ်အရွယ်လေးများ တုံးထားပါ။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကိုလည်း ၄ စိတ် အတုံးလေးများ တုံးထားပါ။ ချင်း၊ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းထားပါ။ ဟင်းခတ်အမွှေးအကြိုင် အစေ့လေးတွေကို မီးအေးအေးနဲ့ မွှေးလာတဲ့အထိ လှော်ပြီး ကြိတ်ထားပါ။ ကြက်သားထဲ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆား၊ အရသာမှုန့်၊ သကြား၊ မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး နယ်ထားပါ။ ဆီပူအိုးတည်ပြီး ကြက်သွန်ဖြူ၊ ချင်းကို ဆီမွှေးသတ်ပါ။ မွှေးပြီးကြွပ်လာလျှင် ကြက်သားထည့်လုံးပါ။ မီးရှိန်ပြင်းပြင်း သုံးပါ။ ကြက်သွန်နီခတ်ပါ။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍တည်ပါ။ ဆီပြန်ခါနီး လျှင် ခရမ်းချဉ်သီးထည့်၍ အရသာမြည်းပြီး ရေခန်း၍ ဆီပြန်လာလျှင် မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထပ်အုပ်၊ ငရုတ်သီးစိမ်းအုပ်လိုက်လျှင် အရသာရှိတဲ့ ကြက်ခပတ်ဟင်းလျာလေး ရပါပြီ။

Facebook Comments