ဝက်ဦးနှောက် စဥကြော်

by ပန်းခရေ for Food Magazine

          ဝက်ဦးနှောက် စဥကြော်က ကလေးနဲ့ လူကြီးကြိုက်တဲ့ အရသာလေးပါ။ အထဲက နူးညံတဲ့ ဝက်ဦးနှောက်ကို အပြင်က ကြွပ်ကြွပ်ရွရွဖြစ်အောင် မုန့်နှစ်ကပ်ကြော်ထားလို့ စားရတာ မအီစေဘဲ အရသာတစ်မူထူးခြားပါတယ်။ မန်ကျည်းမှည့်ဆော့စ်လေးနဲ့ တွဲဖက်လိုက်တော့ ကလေးနဲ့ လူကြီးကြိုက်တဲ့ အရသာလေးပါရှင်။

ပါဝင်ပစ္စည်းများ

ဝက်ဦးနှောက်  –  ၁ လုံး

တန်ပူရာမှုန့်  –  အကြမ်းပန်းကန်လုံး ၁ လုံး

ပေါင်မုန့်ခြောက်  –  အကြမ်းပန်းကန်လုံး ၂ လုံး

ကြက်ဥ  –  ၂ လုံး

ဆီ  –  ၂၀ ကျပ်သား (ဆီများများနှင့် ကြော်ရန်)

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

အချဉ်ဖျော်ရန်

မန်ကျည်းမှည့်  –  အကြမ်းပန်းကန်လုံး ၁ လုံး (အနှစ်တိုက်ထားပါ)

သကြား  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ထောင်းထားပါ)

ချင်း  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (ထောင်းထားပါ)

နှမ်းလှော်  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  အစပ်စားနိုင်သလောက်

ပြုလုပ်နည်း

          ရေနွေးအိုးဆူလာလျှင် ဝက်ဦးနှောက်ကို ဆား၊ အရသာမှုန့် ထည့်ပြုတ်ပါ။ အချိန်အနည်းငယ်ကြာကြာပြုတ်ရင် ဝက်ဦးနှောက်က အကြောတင်းပြီး မာလာပါတယ်။ ခဏအအေးခံပြီး လက်တစ်ဆစ်အရွယ်လေးတွေ ခပ်ပွပွအတုံးကြေ မသွားအောင် လှီးပါ။ပြီးလျှင် ကြက်ဥခေါက်ထားတာထဲ တစ်တုံးချင်းနှစ်ပြီး ပြန်ဆယ်ယူ၍ တန်ပူရာမှုန့်နဲ့ကပ်ပြီး လူးပါ။ ကြက်ဥထဲ ပြန်နှစ်ပြီး ပေါင်မုန့်ခြောက် ကပ်ပါ။ ပြီးလျှင် ဆီပူအိုးထဲ မီးအေးအေးနဲ့ ကြော်ပါ။ စားကောင်းပြီး အရသာရှိလှတဲ့ ဝက်ဦးနှောက် စဥကြော်ရပါပြီ။

          အချဉ်ဖျော်ရန်အတွက် အနှစ်တိုက်ထားတဲ့ မန်ကျည်းရည်ထဲ ပါဝင်ပစ္စည်းအားလုံး ထည့်ဖျော်လိုက်လျှင် လိုက်ဖက်တဲ့ အချဉ်ရည်လေးလည်း ရပါပြီ။

Facebook Comments

Menu