ဒေသရိုးရာ တိုင်းရင်းအစားအစာ (အညာစာ ပဲရေပွနှင့် ငါးဘဲဖြူအိုးကပ်)

by စံလွင်(ငါးဦးစီး) for Food Magazine

အညာစာ ပဲရေပွ

ပဲရေပွက အထက်အညာ အစားအစာဟင်းလျာဆိုပေမယ့် အောက်အရပ်ဒေသတွေမှာလည်း တောသူတောင်သားတွေ ကြိုက်နှစ်သက်ကြတဲ့ ကျေးလက်ဒေသ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ ငါးပိရည်ကျိုငရုတ်သီးစပ်စပ်နဲ့ ပဲရေပွဟင်းတစ်ခွက်ပါရင် ထမင်းမြိန်တဲ့ လယ်တောဟင်းအတွဲအစပ်လို့ ဆိုကြပါတယ်။ ပဲရေဖွတဲ့အခါ ပဲအမျိုးအစားတွေထဲမှာ ပဲနီနဲ့ ပဲကြားကို အသုံးများပါတယ်။ ပဲစေ့ကို မီးနဲ့လှော်ပြီး ရေနူးအောင် ပြုတ်ကာ ပြန်ပြီး ကြော်ရတာကို ပဲရေဖွတယ်လို့ခေါ်ပြီး ဟင်းလျာကိုတော့ ပဲရေပွရယ်လို့ အမည်တပ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲနီ  –  ၂၀ ကျပ်သား

ဆီ  –  ၅ ကျပ်သား

ကြက်သွန်နီ/ဖြူ  –  ၃/၁

ဆား၊ နနွင်းမှုန့်  –  သင့်ရုံ

ပြုလုပ်နည်း

၁။       ပဲနီ (သို့) ပဲကြားကို ခဲ၊ သဲများသန့်စင်ပြီး မီးဖိုမှာ ဒယ်အိုးဖြင့် လှော်ပါ။ ပဲစေ့များ ဖောက်ဖောက်သံမြည်လာပြီး ပဲနံ့များသင်းကြိုင်လာသည်အထိ လှော်ရပါမယ်။

၂။       လှော်ပြီးသား ပဲစေ့များကို အိုးတစ်အိုးထဲထည့်ပြီး နူးအောင်ပြုတ်ပါ။ ပဲစေ့များနူးအိပါက ဆန်ခါမှာ ရေစစ်ပြီး အသင့်ပြင်ထားပါ။

၃။       အားလုံးအသင့်ဖြစ်ပါက ကြက်သွန်နီ/ဖြူကို ပါးပါးလှီးပြီး ဆီအိုးမှာ နနွင်းမှုန့်ခတ်ကာ ဆီချက်ချက်ပါ။

၎။       ပြီးလျှင် ကြက်သွန်ကြော်ကို တစ်ဝက်ဖယ်ထားပြီး ဒယ်အိုးထဲ ပြုတ်ပြီးသားပဲများ လောင်းထည့်ကာ ကြော်ရပါမယ်။ သတိပြုရန်မှာ ဒယ်အိုးထဲမှ ပဲစေ့များကျက်ပြီး အခွံအက်ကွဲလာမှ ဆားဖြူးပါ။ ပဲစေ့များ အခွံမအာမီ ဆားထည့်လိုက်ပါက ပဲလုံးများ အခွံမကွဲဖြစ်ပြီး ဆားပြားမဝင်ဘဲ အရသာမကောင်း ဖြစ်တတ်ပါတယ်။ ဒယ်အိုးကို မီးဖိုမှမချခင် ကျန်ကြက်သွန်ကျော်တစ်ဝက်ကို အနှံ့ဖြူးပါ။

၅။       ပဲရေပွကို ထမင်းဝိုင်းမှာ ဟင်းလျာအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းနှင့် တွဲဖက်၍ အမြည်းအနေနှင့်လည်းကောင်း စားသုံးကြပါတယ်။

ငါးဘဲဖြူအိုးကပ်

ငါးဘဲဖြူက ငါးသေးငါးမွှား ခေါင်းတစ်ရာသား အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ငါးဘဲဖြူဟာ မြစ်၊ ချောင်းတွေထက် သဘာဝကန်ကြီးတွေနဲ့ ငါးမွေးမြူရေးကန်တွေမှာ အတွေ့များတဲ့ ကန်ငါးဖြစ်ပါတယ်။ ငါးဘဲဖြူကို ကြော်လှော်စားတာထက် အိုးကပ်ချက်မှ ငါးဘဲဖြူရဲ့အရသာက ပိုပြီးပေါ်လွင်တာမို့ ငါးဘဲဖြူအိုးကပ်ဟာ ကျေးလက်ဒေသရဲ့ ရိုးရာဟင်းတစ်မည်အဖြစ် အကြိုက်များကြတာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးဘဲဖြူ  –  ၂၅ ကျပ်သား

ဆီ  –  ၅ ကျပ်သား

ကြက်သွန်ဖြူ/နီ  –  ၂/၁

ငရုတ်ပွတောင့်  –  ၃ တောင့်

ရှမ်းနံနံ  –  ၁ စည်း

မန်ကျည်းသီး  –  ကွမ်းသီးလုံးခန့်

ဆား၊ နနွင်းမှုန့်၊ ငံပြာရည်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ငါးဘဲဖြူများကို ခေါင်း၊ အမြီးနှင့် ရေယက်များကိုဖြတ်၍ အူထုတ်၊ အကြေးထိုးပြီး

သန့်စင်ကာ ဆား၊ နနွင်းမှုန့်၊ ငံပြာရည်တို့နှင့် နယ်၍ အရသာသွင်းထားပြီး အပေါ်ယံက မန်ကျည်းရည်ပျစ်ပျစ်ဖျော်၍ ဖျန်းထားပေးပါ။ မန်ကျည်းသီးအချဉ်ကြောင့် အိုးကပ်ချက်တဲ့အခါ  ငါးကလေးများတောင့်ပြီး ကြေမသွားဘဲ အကောင်မပျက်ရှိစေပါတယ်။

၂။       ပြီးလျှင် ငရုတ်ပွတောင့်၊ ကြက်သွန်နီ/ဖြူများ ထောင်းထားပါ။ ရှမ်းနံနံကို ရေစင် အောင်ဆေးပြီး အနေတော်ဖြတ်ထားပါ။

၃။       အားလုံးအသင့်ဖြစ်ပါက မီးဖိုမှာ ဆီဒယ်အိုးတည်ပြီး ငရုတ်နှင့် ကြက်သွန်အရောများကို ဆီသတ်ပြီး ရွှေရောင်သန်းလာပါက ဆားပြားနယ်ထားသော ငါးဘဲဖြူလေးများကို အသာထည့်ကာ ဒယ်ပြားဖြင့် အထက်အောက် နှံ့အောင်မွှေပြီး အဖုံးအုပ်ချက်ပါ။

၎။       ဆီဆူသံပေးလာပါက လုံးရေအနည်းငယ်ထည့်ပြီး ဟင်းမကပ်စေရန် ဒယ်အိုးကို အသာလှုပ်၍ မွှေပေးပါ။ ဆီဆူသံပေးပြီး ဆီပြန်လာက ငါးများကြေမသွားရန် ဒယ်ပြားဖြင့် အသာတစ်ဖက်လှန်ပြီး အိုးကပ်အောင် စိတ်ရှည်ရှည်နှင့် ချက်ပါ။ ဆီနာနာ ပြန်ပြီး အိုးကပ်နံ့လေးမွှေးလာက ရှမ်းနံနံအုပ်ပြီး မီးဖိုမှချပါ။ ပြီးလျှင် ထမင်းမြိန်စေတဲ့ ငါးဘဲဖြူအိုးကပ် အသင့်ရပါပြီ။

Facebook Comments