ဂွေးသီး ငါးငါးပိချက်

by ပန်းခရေ for Food Magazine

          မိုးရာသီမှာ တို့စရာတွေ လှိုင်လှိုင်ပေါတဲ့ အချိန်မှာ ထမင်းမြိန်စေတဲ့ ဒီအရန်ဟင်းလေး ချက်စားကြည့်စေချင်မိပါတယ်ရှင်။ ပုံမှန်ဂွေးသီးငါးပိကြော်နဲ့ ကွဲထွက်နေပြီး အနှစ်ထွေးထွေးလေးနဲ့မို့ ငါးဟင်းချက်၊ ဘူးသီးဟင်းခါးစပ်ရှိမ်းရှိမ်းလေးနဲ့ဆို လိုက်ဖက်ပါတယ်။ မိုးတွင်းအခါမှာ ထမင်းမြိန်စေတဲ့ အရန်ဟင်းကောင်းတစ်ခွက်ပါရှင်။

ပါဝင်ပစ္စည်းများ

ငါးကြင်း  –  ၇ ကျပ်သား

ဂွေးသီး  –  ၁၅ လုံး

ဆီ  –  ၂ ကျပ်ခွဲသား

ငါးပိရည်ကျိုမွှေးမွှေးလေး  –  အကြမ်းပန်းကန်လုံး ၂ လုံး

နနွင်း  –  ဇွန်းဖျားနှင့် အနည်းငယ်

ငရုတ်သီးစိမ်း  –   အစပ်စားနိုင်သလောက်

အရသာမှုန့်  –  အနည်းငယ်

ငံပြည်ရည်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၁ ဥ

ကြက်သွန်ဖြူဗမာဥ  –  ၁ ဥ

ချက်နည်း

          ငါးကို ရေဆေးသန့်စင်ထားပြီး ရေနွေးဆူအောင် တည်ထားတဲ့အိုးထဲ ငံပြာရည် စားပွဲဇွန်း ၁ ဇွန်းခတ်ပြီး ကျက်သည်အထိ ထည့်ပြုတ်ပါ။ ကျက်လျှင် ငါးကို ဆယ်ယူပြီး အအေးခံကာ အရိုးနွှင်ထားပါ။ ငါးပြုတ်ထားတဲ့ ငါးပြုတ်ရည်ထဲ အခွံနွှာထားတဲ့ ဂွေးသီး ထည့်ပြုတ်ပါ။ ဂွေးသီးနူးလာလျှင် ဇွန်းနဲ့အနှစ်ဖြစ်အောင် ခြေထားပါ။ ဆီပူအိုးတည်ပြီး ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူထောင်းထားတာကို နနွင်းအနည်းငယ်နှင့် မွှေးလာ သည်အထိ ဆီသတ်ပါ။ မွှေးလာလျှင် ပြုတ်ပြီး အရိုးနွှင်ထားတဲ့ငါး ထည့်ကြော်ပါ။ ငါးနံ့လေး မွှေးပျံ့လာရင်တော့ အနှစ်တိုက်ထားတဲ့ ဂွေးသီးထည့်ပါ။ ကျိုထားတဲ့ ငါးပိရည်ကျိုခတ်ပါ။ အရသာမှုန့်အနည်းငယ်ထည့်ပါ။ ငါးပိရည်ကျိုအရည်ခန်းပြီး အနှစ်ပျစ်ပျစ် အနေအထား ရောက်လျှင် ငရုတ်သီးစိမ်းကို ဆားအနည်းငယ်ထည့်ပြီး မညက်တညက်ထောင်းထားတာကို ခတ်ပါ။ ဆီဝေ့လာပြီး အနှစ်လေးထွေးလာပြီဆိုလျှင် ရပါပြီ။ မိုးတွင်းအခါမှာ ထမင်းမြိန်စေတဲ့ အရန်ဟင်းလေးတစ်ခွက်မို့ ချက်ကြည့်စေချင်ပါတယ်ရှင်။

Facebook Comments