ကျေးလက်ဟင်းလျာ မြေပဲစို့ကြော်

by စံလွင် (ငါးဦးစီး) for Food Magazine

မြေပဲစို့ဆိုတာက မြေပဲပင်တွေ နုတ်တဲ့အခါ မြေကြီးထဲမှာ ကျန်နေတတ်တဲ့ မြေပဲ တောင့်ကနေ မိုးရေကြောင့် ပေါက်လာတဲ့ အပင်ပေါက်ပါ။ ပဲပင်ပေါက်သဘောမျိုးပါပဲ။ မိုးဦးကျလို့ အခုလို မိုးစပြီး ရွာရင်တော့ ဈေးတွေမှာ မြေပဲစို့အပင်ပေါက်ကြီးတွေကို တွေ့ နေရပါတယ်။ မြေပဲစို့ကြီးတွေက ဖြူဖြူတုတ်တုတ်နဲ့ သန်သန်ကြီးတွေဖြစ်တော့ မြင်ရတာ အားရစရာကောင်းလှပါတယ်။ မြေပဲစို့ အပင်ပေါက်ကြီးတွေကို ဟင်းလျာ အဖြစ် ရေနွေးဖြောပြီး သုပ်စား၊ အစိမ်းအတိုင်း ကြော်စားကြပါတယ်။ အချို့ကတော့ ကင်ပွန်းရွက်၊ မန်ကျည်းရွက်တွေနဲ့ ရောပြီး ချဉ်ရည်ဟင်းတွေမှာ ဟင်းခတ်အဖြစ် ထည့်သုံးကြပါတယ်။ ကျေးလက်ဒေသတွေ ရဲ့ သဘာဝဟင်းလျာတစ်မျိုးလို့ ဆိုရမှာပါ။

ပါဝင်ပစ္စည်းများ

မြေပဲစို့အပင်ပေါက်  –  ၁၅ ကျပ်သား

ဆီ  –  ၂  ၁/၂ ကျပ်သား

ကြက်သွန်ဖြူ/နီ  –  ၁ ဥစီ

ခရမ်းချဉ်သီး  –  ၂ လုံး

ဆား၊ နနွင်းမှုန့်၊ ပဲငံပြာရည်အကြည်  –  သင့်ရုံ

 

ပြုလုပ်နည်း

၁။       မြေပဲစို့အပင်ပေါက်များရဲ့ အမြစ်နေရာက မည်းနေတတ်လို့ လက်ဖြင့် ဆိတ်ပစ် ပြီး သင်ထားပါ။ မြေပဲစို့အပင်ပေါက်များမှာ သဲများကပ်ပါတတ်လို့ အကြိမ်ကြိမ် ရေစင်အောင်ဆေးပြီး ရေစစ်ထားရပါမယ်။

၂။       ကြက်သွန်ဖြူ/နီများကို အခွံနွှာ၍ ရေဆေးပြီး ဆုံထဲထည့်ထောင်းပါ။ ခရမ်းချဉ် သီးကို အစေ့များဖယ်ပြီး အစိတ်ကလေးများ လှီးထားပါ။

၃။       အားလုံးပြီးလျှင် ဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ထောင်းထားတဲ့ ကြက်သွန်အရောကို နနွင်းမှုန့်ခတ်၍ ဆီသတ်ပါ။ ပြီးလျှင် ရေစစ်ပြီးသား မြေပဲစို့များကို ထည့်လှိမ့်၍ မွှေပေးပြီး အဖုံးဖွင့်ကာ ကြော်ရပါမယ်။ အပေါ့အငန်အတွက် ဆားဖြူးပါ။

၎။       မြေပဲစို့များ အနူးလိုလျှင် ရေအနည်းငယ်ထည့်ကြော်ပါ။ မြေပဲစို့များ နူးလောက် မယ့်အချိန်မှာ ခရမ်းချဉ်သီးစိတ်များဖြူးပြီး အရောင်လှစေရန် ပဲငံပြာရည် အကြည်ဖျန်းပါ။ ဆီပြန်လျှင် ဒယ်ပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ။ ချိုဆိမ့်အရသာ မြေပဲစို့ကြော်က ကျေးလက်ဒေသတွေရဲ့ သဘာဝဟင်းလျာအဖြစ် လူကြိုက် များကြပါတယ်။

Facebook Comments