အင်ဥသုပ်

by ပန်းခရေ for Food Magazine

အင်ဥက ခဏလေးသာပေါ် ပြီး ပျောက်သွားတတ်တာမို့ ပေါ်တုန်းလေး အမိအရ ချက်စားရတဲ့ ရာသီစာလေးတစ်မျိုးပါ။ သူ့အရသာကလည်း ဘယ်လောက်ချက်ချက် မာဆတ်ဆတ်လေးမို့ ပန်းခရေကတော့ အင်ဥကို ချက်စား၊ ကြော်စားရတာထက် ဒီလိုလေးသုပ်စားရတာကို ပိုလို့မှ လိုက်ဖက်တယ်ထင်မိသူပါ။ ဒါကြောင့် သုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

အင်ဥ –  ၁၀ ကျပ်သား

ခရမ်းချဉ်သီး –  ၁ လုံး

ကြက်သွန်နီဥသေး –  ၅ လုံးခန့်

ရှောက်ရွက် –  အနည်းငယ်

သံပရာသီး –  ၁ လုံး

ငရုတ်သီးစိမ်း –  အနည်းငယ်

ပဲကျက်မှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီချက် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

အင်ဥကို ဆန်ခါထဲထည့်၍ ဘေစင်ရေပိုက်ဖွင့်ကာ ဆန်ခါထဲ လက်နဲ့ဖိလှိမ့်ပြီး သန့်စင်ပါ။ အင်ဥမှာ ကပ်ငြိနေတဲ့ သဲများစင်ပြီး သန့်လာလျှင် ဘရပ်ရှ်နှင့် တစ်လုံးချင်း သဲသန့်စင်အောင် တိုက်ဆေးပြီး မိနစ် ၂၀ ခန့်ပြုတ်ပါ။ အင်ဥပြုတ်ထားစဉ် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ရှောက်ရွက်နှင့် ငရုတ်သီးစိမ်းပါးပါးလှီးထားပါ။ အင်ဥတည်ထားတာ အချိန်စေ့ လျှင် ပြုတ်ရည်သွန်၍ ရေအေးပြန်ဆေးပြီး အင်ဥအလုံးသေးလျှင် ၂ ခြမ်းခြမ်းပါ။ အလုံးကြီးလျှင် ၄ စိတ်လောက် စိတ်ပြီး လှီးထားတာတွေထဲ ပေါင်းထည့်၍ ဆီချက်၊ ပဲကျက်မှုန့်၊ သံပရာသီး၊ ဆား၊ အရသာမှုန့်တို့နှင့် ထည့်နယ်ပါ။ အသားနှင့် ရောသုပ်ချင်လျှင် ပုစွန်လှော်၊ ကြက်သားကြော်၊ ဝက်သားကြော်တို့နှင့် ထည့်သုပ်နိုင်ပါတယ်။

Facebook Comments