သင်္ကြန်ထမင်း

by ပန်းခရေ for Food Magazine

          သင်္ကြန်ထမင်းက ဖယောင်းနံ့လေးသင်းနေတဲ့ ရေအေးအေးနဲ့ စိမ်ထားတဲ့ ထမင်းလေးပါ။ ဒါကိုမှ ငါးခြောက်ထောင်းကြော်ပျော့ပျော့၊ ငရုတ်သီးခြောက်အတောင့်၊ သရက်သီး အစိမ်းသုပ်လေးနဲ့ တွဲဖက်ပြီး စားရတာမို့ နွေအခါ ပူပြင်းလှတဲ့ရာသီ အစားအသောက်ပျက်ချိန်မှာ ရင်ထဲအထိ အေးပြီး မြိန်မြိန်ယှက်ယှက် စားဖြစ်စေတဲ့ ထမင်းပါ။ သင်္ကြန်စာဆိုပေမယ့် ပူပြင်းတဲ့နွေရာသီမှာ လူကြီးတွေကတော့ ထမင်းကို ရေဆမ်း၊ ငါးခြောက်ကြော်လေး ကြော်ထားပြီးစားရင် အမြဲထမင်းစားဝင်စေပါတယ်။

ပါဝင်ပစ္စည်းများ

ထမင်းချက်ရန်အတွက် ဆန်ကောင်းကောင်း  –  နို့ဆီဘူး ၂ လုံး

ဖယောင်းတိုင်  –  ၁ တိုင်

ငါးခြောက်ကြော်ရန်အတွက်

ငါးကွမ်းရှပ်ငါးခြောက်  –  ၁၅ ကျပ်သား

ကြက်သွန်နီ  –  ၂၅ ကျပ်သား

ဆီ  –  ၁၅ ကျပ်သား

နနွင်းမှုန့်  –  စတီးဇွန်း ၁ ဇွန်း

ဆား  –  သင့်သလို (ငါးခြောက်ရဲ့ အငန်ဓာတ်ကျန်တဲ့အပေါ်  မူတည်ပါတယ်)

အရသာမှုန့်  –  အနည်းငယ်

သကြား  –  စတီးဇွန်း ၁ ဇွန်း

မျှင်ငါးပိ  –  ကွမ်းသီးလုံးခန့်

ဗမာငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

သရက်သီးစိမ်းသုပ်ရန်အတွက်

သရက်သီးခပ်စိမ်းစိမ်း  –  ၁ လုံး

ကြက်သွန်ဖြူနီဆီချက်  –  အနည်းငယ်

ပုစွန်ခြောက်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပဲအကျက်မှုန့်မွှေးမွှေး  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

ကြက်သွန်စိမ်း  –  ၂ လုံး (ပါးပါးလှီး)

အရသာ  –  အနည်းငယ်

တို့စားရန်အတွက်

ငရုတ်သီးခြောက်တောင့်  –  အနည်းငယ်

ပြုလုပ်နည်း

          ဦးစွာ ဆန်ကို ရေဆေးပြီး ရေများများနဲ့ တည်ပါ။ ထမင်းဆူပွက်လာတဲ့အခါ ထမင်းတွေ ကွဲထွက်လာသည်အထိ အဆူခံပြီးမှ ဆန်ခါနှင့် ရေစစ်၍ ထမင်းများကို အစေးဓာတ်ကုန်အောင် ရေလောင်းဆေးပြီး ရေစစ်ထားပါ။ ထမင်းကို အစေးဓာတ် ကုန်သည်အထိ ရေဆေးဖို့က အရေးကြီးပါတယ်။ ဒါမှ ဖယောင်းရည်ဆမ်းစားတဲ့အခါ ဖယောင်းရည် ကြည်ကြည်လင်လင်လေး ရပါမယ်။ မဟုတ်ရင် ဖယောင်းရည်က အရောင်နောက်တတ်ပါတယ်။ ဖယောင်းနံ့လေးရဖို့အတွက် ပန်းခရေက Flat လျှပ်စစ် မီးဖိုကိုသာ အလွယ်သုံး ထားပါတယ်။ သန့်စင်ထားတဲ့ မီးဖိုမျက်နှာပြင်မှာ ဖယောင်းတိုင် လက်တစ်ဆစ်ခန့် ဖြတ်ပြီး အပူပေးပါ။ ပြီးလျှင် အိုးတစ်လုံး မှောက်တင်ပါ။ အငွေ့တွေ လှိုင်လှိုင်ထွက်လာရင် အိုးကို ပြန်လှန်ယူပြီး ရေသန့်ရေ တစ်ဝက်ခန့်ဖြည့်၊ အဖုံးအုပ်ပြီး ခဏထားပါ။ ၁၅ မိနစ်လောက်နေရင်တော့ အိုးသန့်သန့်ထဲ ရေစစ်ထားတဲ့ ထမင်း တွေထည့်ပြီး အပေါ်ကနေ ရေစစ်ခံကာ ဖယောင်းရည်များ လောင်းထည့်လိုက်ရင် ဖယောင်းနံ့သင်းနေတဲ့ ထမင်းရပါပြီ။

          ပြီးလျှင် ငါးခြောက်ထောင်းကြော်ပါမယ်။ ငါးခြောက်ထောင်းဖို့အတွက် ငါးခြောက်ကို ဦးစွာ ဆားရည်နဲ့ နာရီဝက်ခန့် စိမ်ထားပါ။ အဲဒီလို စိမ်လိုက်ရင် ငါးခြောက်ထဲက အငန်ဓာတ်တွေလည်း ဆားက ပြန်စုပ်ယူသွားလို့ ငါးခြောက်က မငန်တော့ပါဘူး။ ကြော်တော့မယ်ဆိုရင် ဆားရည်က ဆယ်ယူ၍ ရေ ၃၊ ၄ ထပ် ဆေးပြီး ပြုတ်ပါမယ်။ ငါးခြောက်ပြုတ်ထားတုန်း ကြက်သွန်နီကို လေးစိတ်ကွဲ လှီးထားပါ။ ငါးခြောက်နူးလာရင် ဆယ်ယူပြီး ဆုံထဲ ထည့်၊ ခပ်ဖွဖွလေး ပွတက်လာအောင် ထောင်းပါ။ ဒါဆိုရင်တော့ ကြော်ရန် အသင့်ပါရှင်။ ဒယ်အိုးထဲ ဆီထည့်ပြီး ဦးစွာ ငရုတ်သီးခြောက် တောင့်တွေကို ကြွပ်လာအောင်ကြော်ပြီး ဆယ်ယူထားပါ။ ဆီထဲ နနွင်းခတ်ပြီး မျှင်ငါးပိကို အရင်ထည့်၍ ဆီသတ်ပါ။ ငါးပိနံ့လေးမွှေးလာပြီဆိုရင် ထောင်းထားတဲ့ ငါးခြောက်များ ထည့်ပါ။ ဆား၊ အရသာ၊ သကြား၊ ငံပြာရည် ထည့်ပါ။ ကြက်သွန်လေးစိတ်ကွဲ ထည့်ပါ။ ကြက်သွန်တွေလည်း အိပြီး ငါးခြောက်တွေလည်း ရေဓာတ်ကုန်ကာ ခပ်ထပ်ထပ်လေး ဖြစ်လာရင်တော့ အပေါ့၊ အငန်မြည်းပြီး ဖိုပေါ်ကနေ ဒယ်အိုးကိုချလို့ရပါပြီ။

          သရက် သီးစိမ်းလေး သုပ်ဖို့အတွက်က သရက်သီးကို ခြစ်တံနဲ့ခြစ်ပါ။ ရေတစ်ထပ် ဆေးပြီး သုပ်မယ့်ပန်းကန်ထဲ ရေစစ်ထည့်ပါ။ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ အရသာ၊ ဆီချက်၊ ငံပြာရည် ထည့်နယ်လိုက်ရင် သရက်သီးအစိမ်းသုပ်လေး ရပါပြီ။

Facebook Comments