မန်ကျည်းရွက် သနပ်ရွက်ဟင်းရည်

by ပန်းခရေ for Food Magazine

          မန်ကျည်းရွက် သနပ်ရွက်ဟင်းရည် ရာသီစာလေးပါရှင်။ မန်ကျည်းရွက်ကို ဥသျှစ်ရွက်၊ သနပ်ရွက်၊ ဇရစ်နဲ့ အရည်သောက်ချက်၊ ဘဲဥကြော်၊ ငါးကြော် စတဲ့ ရိုးရှင်းတဲ့ ဟင်းပုံစံနဲ့ဆိုရင်တောင် လိုက်ဖက်ပြီး စားကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

မန်ကျည်းရွက်  –  ၁၀ ကျပ်သား

သနပ်ရွက်  –  လက်တစ်ဆုပ်

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၂ မြွှာ

ခရမ်းချဉ်သီး  –  ၁ လုံး

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  ၅ တောင့်

ငါးဥ  –  အနည်းငယ် (ငါးဥအစား ပုစွန်၊ငါးကို အသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း

          ဦးစွာ ကြက်သွန်ဖြူကို ဆီနှင့် ဆီမွှေးသတ်ပါ။ မွှေးပြီး ကြွပ်လာလျှင် ရေနွေး အနေတော်လောင်းပြီး ဆူပွက်အောင် တည်ပါ။ ဆူလာလျှင် လှီးထားတဲ့ ကြက်သွန်နီနဲ့ စိမ်းစားငါးပိ ခတ်ပါမယ်။ ငါးဥလေးတွေလည်း ခတ်ပါမယ်။ ဟင်းရည်ဆူပွက်၍ ငါးပိရဲ့ အစိမ်းနံ့ပျောက်ပြီး မွှေးလာပြီဆိုလျှင် မန်ကျည်းရွက်ခတ်ပြီး ဆား၊ အရသာမှုန့် ခတ်ပါ။ ဟင်းရည်ကျအောင်တည်ပြီး ဟင်းရည်လည်း ကျပြီဆိုလျှင် ခရမ်းချဉ်သီး၊ သနပ်ရွက်နဲ့ ငရုတ်သီးစိမ်းတို့ကို ထက်ခြမ်းခွဲအုပ်ပြီး ခဏပြန်ဆူလာလျှင် သုံးဆောင်လို့ရပါပြီ။ ငါးကြော်ပြီး ငရုတ်သီးဆားထောင်းလေးနဲ့ လိုက်ဖက်ပါတယ်ရှင်။

Facebook Comments