ဘဲဆီပေါင်းထမင်း (Duck Confit and Rice)

by Jenny for Food Magazine

ဘဲသားကို ပုံမှန်ပေါင်းနေကျလိုမျိုးမဟုတ်ဘဲ ဥရောပစတိုင်လ် ဆီစိမ်ပြီး ပေါင်းတဲ့နည်းဟာလည်း ဘဲသားအရသာကို ထူးကဲကောင်းမွန်စေတဲ့ ချက်နည်းတစ်မျိုးပါပဲ။

Oven ကို အသုံးပြုပြီး အချိန်ကြာကြာ ပေါင်းရတယ်ဆိုပေမယ့်လည်း အရသာကတော့ တစ်မူပိုထူးခြားလှပါတယ်။ ဘဲပေါင်းဆီနဲ့ ချက်ထားတဲ့ ထမင်းကို တွဲဖက်လိုက်တဲ့ အချိန် မှာတော့ လိုက်ဖက်မှုရှိလှတဲ့ ဘဲဆီပေါင်းထမင်းကို ရရှိမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းမျာ

ဘဲပေါင် –  ၂ ခု

ဆီ –  ၁ လီတာ

လိမ္မော်သီး –  ၁ လုံး

ကရဝေးရွက် –  ၁ ရွက်

ငရုတ်ကောင်းစေ့ –  အနည်းငယ်

ဆား –  အနည်းငယ်

ကြက်သွန်ဖြူ –  ၁ လုံး

ဟင်းခတ်အမွှေးရွက် (Thyme) –  အနည်းငယ်

ထမင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ

ဆန် –  ၃၀ ဂရမ်

ရေ –  ၅၀ မီလီလီတာ

ဆီ (ဘဲသားပေါင်းထားသောဆီ) –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူ –  အနည်းငယ်

ချင်း –  အနည်းငယ်

ပြုလုပ်နည်း

၁။        ဦးစွာ ဘဲပေါင်ခြမ်း ၂ ခြမ်းကို သန့်စင်အောင် ဆေးထားပါ။ ဆေးထားသော ဘဲပေါင်ခြမ်း တို့ကို ဇလုံတစ်လုံးထဲထည့်ပြီး ၎င်းဇလုံထဲ လိမ္မော်သီးကို အဝိုင်းလေးများ စိတ်ပြီး အရည် ညှစ်ထည့်ပါ။ လိမ္မော်သီးအဖတ်လေးတွေကိုလည်း ဘဲသားထဲ ထည့်ပါ။ ကြက်သွန်ဖြူ အလုံးလိုက်ကိုလည်း ထက်ခြမ်းခြမ်းပြီး ထည့်ပါ။ ဆား၊ ကရဝေးရွက်၊ ငရုတ်ကောင်းစေ့

နှင့် ဟင်းခတ်အမွှေးရွက်တို့ကိုလည်း ထည့်၍ သမအောင် နယ်ပြီး ၁ နာရီခွဲခန့် နှပ်ထားပါ။

၂။         ၁ နာရီခွဲခန့်နှပ်ထားသော ဘဲသားများကို ရေစင်အောင်ပြန်ပြီး ဆေးပါ။ ရေဆေးပြီးပြီ

ဆိုလျှင် အိုးတစ်လုံးထဲ ထည့်ပြီး ဆီကို ဘဲသားများမြုပ်သည်အထိ ထည့်ပါ။ ပြီးလျှင် အပူချိန် 100˚C  အိုဗင်ထဲထည့်ပြီး ၄ နာရီခန့်ကြာအောင် ထည့်ထားပါ။ ၄ နာရီအချိန်ပြည့်သွားပြီ ဆိုလျှင် အိုဗင်ထဲက ထုတ်ပြီး ဘဲသားများကို ပန်းကန်ထဲမှာ ထည့်ထားပါ။

၃။        ဘဲသားနဲ့တွဲစားဖို့အတွက် ထမင်းတည်ပါမယ်။ ဘဲသားပေါင်းထားသော ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ချင်းနှင့် ဆန်တို့ကို ထည့်၍ မွှေပါ။ ပြီးလျှင် ရေထည့်ပြီး ထမင်းကို တည်ပါ။ ထမင်းရပြီဆိုလျှင် ပေါင်းထားသော ဘဲသားနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments