ပဲပြားကြက်ချိုစပ်ကော်ရည်

by May Phyo Thi for Food Magazine

          ပဲပြားအဖြူလေးတွေ စားဖူးနေကျဆိုပေမယ့် အညိုလေးကို အခုစမ်းချက်ကြည့်ဖို့ ဝယ်လာရင်း အစိမ်းကို မြည်းကြည့်တဲ့အခါ အဖြူတုံးလေးတွေလို ပဲအစိမ်းနံ့သိပ်မရဘဲ အသားကလည်း ပိုကျစ်ပါတယ်။ အဲဒီလိုနဲ့ ကြက်ရင်ပုံသားလေး တောက်တောက်စဉ်းပြီး တရုတ်ပုံစံလေးချက်ချင်လာတာနဲ့ အကောင်းဆုံးဟင်းပွဲလေးတစ်ပွဲကို ဖန်တီးခဲ့ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပြားညို အသေး  –  ၂ တုံး

ကြက်ရင်ပုံ  –  ၁၀ ကျပ်သား

ပြောင်းဖူးအသေး  –  ၃ တောင့်ခန့်

ကြက်သွန်ဖြူ  –  ၄ မြွှာခန့်

ကြက်သွန်နီ  –  ၁ ခြမ်း (နုပ်နုပ်စဉ်း)

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသားမှုန့်  –  ဇွန်းသေး ၂ ဇွန်း

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အနောက်  –  စားပွဲဇွန်း ၁ ဇွန်း

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးခြောက်  –  ၄ တောင့်

ပူဒီနာ  –  ၁ စည်း

ကော်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ရှေးဦးစွာ ပဲပြားများကို  အလယ်မှ အခွက်လေးဖြစ်အောင် ဇွန်းဖြင့် ခြစ်ထုတ်ထားပြီး ဆီအနည်းငယ်ဖြင့် ကြော်ပါ။

၂။       ပြီးလျှင် ခဏဆယ်ယူထားပြီး ဒယ်အိုးထဲမှာ ကြက်ရင်ပုံသားကို နုပ်နုပ်စဉ်း၍ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နှင့် ဆီသတ်ပါ။

၃။       အနည်းငယ်ခြောက်လာပါက အရသာများထည့်ပြီး ပြောင်းဖူးသေးများထည့်ပါ။ငရုတ်သီးခြောက် နုပ်နုပ်စဉ်း၍ ထည့်ပြီး ရေအုပ်ပါ။

၎။       ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်တို့ကိုထည့်၍ ဆက်မွှေပေးပြီး ရေခြောက်ပါက ပဲပြားအခွက်လေးထဲ ထည့်ထားပါ။

၅။       ပူဒီနာ၊ ငရုတ်သီးခြောက်များနှင့် ပဲငံပြာရည်အကြည်/အနောက်ထည့်၍ ကော်မှုန့် ရေဖျော်ထားသည်နှင့် ထည့်မွှေပါ။ဘေးမှာ ဆော့စ်ကော်ရည် လောင်းထည့်ပါ။

၆။       ၃ မိနစ်ခန့် တည်ပြီးလျှင် ဆော့စ်မွှေးမွှေးလေး ရပါပြီ။ အသားပေါ် တိုက်ရိုက်လောင်း၍ရသလို ဘေးမှာထည့်ထားလျှင် လှလည်းလှပြီး စားသည့်အခါမှာလည်း ထမင်းဖြူလေးပေါ်  ဆမ်းစားလို့ရပါတယ်။

Facebook Comments