ပဲပိုးတီနှင့် ကြက်အူချောင်းကြော်

by May Phyo Thi for Food Magazine

          ဒီလမှာတော့ ခါတိုင်းချက်နေကျတွေလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ချက်လို့လွယ်မယ့် သိပြီးသား အသားငါး၊ အသီးအရွက်တွေကိုမှ အရသာပြောင်းလဲ စားနိုင်အောင်လို့ အရှေ့တိုင်း ဟင်းလျာများကိုပဲ  ရွေးချယ်ချက်ပြုတ်ထားပါတယ်။ ပဲပိုးတီလေးတွေကို  ကျွန်မကတော့ ရန်ကုန်မှာ အတွေ့နည်းတယ်လို့ထင်ပါတယ်။ သူ့အရသာက အာတာလွတ်ဥနဲ့ ဆင်သလို ကြွပ်ဆတ်ပြီး စားလို့ သိပ်ကောင်းတယ်။ သူ့ကိုတော့ ကြက်၊ ဝက် စသည်တို့နဲ့လည်း ရောချက်လို့ရပါတယ်။ တစ်ခါတစ်ရံ အထက်ပြည်ဘက်ပိုင်းတွေမှာဆိုရင် ရှမ်းချဉ်တွေထဲလည်း တွေ့ရပါတယ်။ အခုတော့ ကြက်အူချောင်းက အနံ့လေးနဲ့ တွဲစားကြည့်ချင်လို့ ချက်ဖြစ်ခဲ့ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပိုးတီ  –  ၂၀ဝ ဂရမ်

ကြက်အူချောင်း  –  ၂ ချောင်း

ကြက်သွန်ဖြူ   –  ၅ မြွှာခန့်

ပျဉ်းတော်သိမ်  –  ၁၀ ရွက်ခန့်

ငရုတ်သီးခြောက် အရှည်  –  ၃ တောင့်

အသားမှုန့်  –  လက်ဖက်ရည် ၁ ဇွန်း

ဆား  –  သင့်တော်ရုံ

ဆီ  –  စားပွဲတင် ၂ ဇွန်း

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူကို ဆီအနည်းငယ်ဖြင့် သတ်ပြီး ပျဉ်းတော်သိမ်ရွက်နှင့် ငရုတ်သီးခြောက်ကို ထည့်မွှေပါ။

၂။       အနံ့မွှေးလာလျှင် ရေစင်အောင်ဆေးထားသော ပဲပိုးတီလေးများထည့်ပြီး လှိမ့်ပါ။

၃။       ကြက်သွန်ဖြူများ အနည်းငယ် ရွှေရောင်သန်းလာပါက ရေမြုပ်အောင် ထည့်ပါ။

၎။       ဆားနှင့် အသားမှုန့်များထည့်ပြီး အဖုံးခဏအုပ်ပေးပါ။

၅။       ထို့နောက် လှီးထားသော ကြက်အူချောင်းများထည့်၍ ပဲပိုးတီလေးများကို အကြွပ်ကြိုက်လျှင် ရေခန်းအောင် ဆက်တည်ပြီး အနည်းငယ်နူးသည်ကို ကြိုက်ပါက ရေထပ်ထည့်၍ အုပ်ပေးပါ။

၆။       ရေများ ခြောက်အောင် တည်ပြီးပါက ထမင်းဖြူလေးဖြင့်သော်လည်းကောင်း၊ ဝိတ်ချချင်သူများက ဒီအတိုင်းသော်လည်းကောင်း သုံးဆောင်နိုင်ပါပြီ။

Facebook Comments