ပုစွန်ငါးဆုပ်လုံးဟင်း

by စံလွင် (ငါးဦးစီး) for Food Magazine

ငါးကို ငါးဆုပ်ဟင်းချက်ကြသလို မြစ်၊ ချောင်း၊ အင်းအိုင်ပေါများတဲ့ ဧရာဝတီ တိုင်းနဲ့ ပဲခူးတိုင်းတို့လို ဒေသဘက်တွေမှာ ပုစွန်ဆိတ်၊ ပုစွန်ကျော့လေးတွေကို ဆုံနဲ့ထောင်းပြီး ပုစွန်ငါးဆုပ်လုံးဟင်း ချက်လေ့ရှိကြပါတယ်။ ငါးကိုချက်တဲ့ ငါးဆုပ် ဟင်းကို ကြိုက်ကြသလို ပုစွန်ငါးဆုပ်လုံးကလည်း အရသာတစ်မျိုးထူးတာမို့ ပုစွန် ပေါတဲ့ရာသီတွေမှာ အိမ်ရှင်မများက ပုစွန်ငါးဆုပ်လုံးဟင်းကို အထူးတလည်အနေနဲ့ ချက်စားကြပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်ကျော့ –           ၂၀ ကျပ်သား

ဆီ –           ၂  ၁/၂ ကျပ်သား

ငရုတ်သီးအပွခြောက် –           ၃ တောင့်

ကြက်သွန်နီ –           ၂ လုံး

ကြက်သွန်ဖြူ –           ၁ လုံး

ဆား၊ နနွင်းမှုန့်၊ ငံပြာရည် –           သင့်ရုံ

ခရမ်းချဉ်သီး –           ၃ လုံး

ငရုတ်သီးစိမ်း၊ နံနံပင် –           အနည်းငယ်

ပြုလုပ်နည်း

၁။        ပုစွန်ကျော့များကို ခေါင်းချိုး၊ အမြီးဆိတ်၍ ဆား၊ နနွင်းမှုန့်နှင့် နယ်ပြီး ဆုံထဲမှာ ဆန်လှော်မှုန့် နှင့် ရောထောင်း၍ ငါးဆုပ်ပြားကလေးများ ပြားထားပါ။

၂။         ငရုတ်သီး၊ ကြက်သွန်ဖြူ/နီများကို ဆုံထဲမှာ အသင့်ထောင်းထားပါ။

၃။        ခရမ်းချဉ်သီးများကို ရေဆေး၍ အစိတ်ငယ်များစိတ်ပြီး ငရုတ်သီးစိမ်းတောင့်နှင့် နံနံပင်များကို ရေဆေး၍ အနေတော်လှီးဖြတ်ထားပါ။

၄။        အားလုံးအသင့်ဖြစ်ပါက ဒယ်မှာ ပုစွန်ငါးဆုပ်ပြားများကို နီရောင်သန်းလာ

အောင် ကြော်၍ ဖယ်ထားပြီး ဆီကျန်မှာ ငရုတ်နှင့် ကြက်သွန်ထောင်းပြီးသား အရောကို ဆီသတ်ပါ။ ရွှေရောင်သန်းလာပါက ခရမ်းချဉ်သီးစိတ်များထည့်ပြီး အနှစ်ရအောင် ချက်ပါ။

၅။        ဒယ်အိုးထဲမှာ ဟင်းအနှစ်များ ဆီပြန်လာက ကြော်ပြီးသား ပုစွန်ငါးဆုပ်ပြားများ ထည့်၍ နှံ့အောင်မွှေပြီး ရေအနေတော်ထည့်ကာ ဆူအောင်တည်ပါ။ ဟင်းအိုး ပွက်ပွက်ဆူလာလျှင် အပေါ့အငန်မြည်း၍ ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ပြီး မီးဖို ပေါ်မှ ချပါ။ နံနံပင်နံ့လေးတသင်းသင်းနဲ့ အရသာထူးတဲ့ ပုစွန်ငါးဆုပ်လုံးဟင်းက စားဖို့ အသင့်ဖြစ်ပါပြီ။

Facebook Comments