ပုစွန်ဖော့ချိတ်ရှောက်သီးအကြမ်းသုပ်

by ပန်းခရေ for Food Magazine

ဒီရာသီမှာ ပုစွန်ဖော့ချိတ်ချိုချိုလေးတွေ ပေါပါပြီ။ ရှောက်သီးလည်း ရှားပြီး ဈေးကြီးရာကနေ ပေါပေါများများသုံးလို့ရတဲ့အချိန်ပါ။ မိုးတွေလည်း တအားစိုစွတ်ပြီး ထိုင်းမှိုင်းလွန်း တာမို့ နေထိုင်မကောင်းဖြစ်ချင်ရင် ပွင့်ထွက်သွားအောင် ရှောက်သီး အကြမ်းသုပ်လေးကို ဖော့ချိတ်ပုစွန်လှော်လေးနဲ့ သုပ်စားကြည့်ပါ။ ပိုလို့မှ ပြည့်စုံချင်ရင်တော့ ငါးခူလေးမီးကင်ပြီး ကြာဆံဟင်းခါးကို ငရုတ်ကောင်းနိုင်နိုင်နဲ့ စပ်ရှိမ်းရှိမ်းလေး ချက်ပါနော်။

ပါဝင်ပစ္စည်းများ

ရှောက်သီးသုပ်ဖို့ဆိုလျှင် ရှောက်သီးစိမ်းစိမ်းပေါ့ပေါ့လေး ရွေးချယ် ဝယ်ယူပါ။

ရှောက်သီး –  ၁ လုံး

ဒါမှ အထဲမှာ အရည်တွေ သိပ်ရွှမ်းမနေဘဲ အမြွှာပိတ်ပိတ်လေးတွေရပါမယ်။

မျှင်ငါးပိ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း –  များများ

ငရုတ်လှော်မှုန့် –  အစပ်စားနိုင်သလောက်

ပုစွန်ဖော့ချိတ် –  ၁၀ ကျပ်သား

ကြက်သွန်နီ –  ၅ လုံး

ဗမာငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

လက်ဖက်စားကြက်သွန်ကြော် –  စားပွဲဇွန်း ၁ ဇွန်း

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား –  အနည်းငယ်မျှ

ပြုလုပ်နည်း

၁။       ဦးစွာ ပုစွန်ကို ရေဆေးသန့်စင်ပြီး အခွံမချွတ်ဘဲ မွှေးလာတဲ့အထိ လှော်ထားပါ။

၂။       ငါးပိကိုလည်း မီးကင်ထားပါ။

၃။       ကြက်သွန်နီကို အခွံနွှာ၍ ရေဆေးပြီး ပါးပါးရိတ်ရိတ်လှီးပါ။ ပြီးလျှင် ထပ်မံရေဆေး ပြီး ရေစစ်ထားပါ။

၎။       ရှောက်သီးကိုလည်း အမြွှာလေးတွေ သင်ထားပါ။

၅။       လက်ဖက်စားကြက်သွန်ကြော်ကို မညက်တညက် ထောင်းထားပါ။

၆။       သုပ်တော့မည်ဆိုလျှင် မြွှာထားတဲ့ရှောက်မြွှာ၊ ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်း၊ ငရုတ် လှော်၊ ငံပြာရည်၊ ဆား၊ အရသာနှင့် မျှင်ငါးပိတို့ကို ရောနယ်ပါ။

လုံးဝဆီထည့်ပြီး မသုပ်ရပါ။

စပ်စပ်လေးဖြစ်နေမှ ပိုပြီးစားကောင်းပါတယ်။ စားနေချိန်မှာ အစပ်လေးပြေစေဖို့ လှော်ထားတဲ့ ပုစွန်လှော်ချိုချိုလေး တစ်ပန်းကန်ပြင်ဆင်ထားပါ။ စပ်နေချိန်မှာ ပုစွန်လှော်ချိုချိုလေး အစပ်ပြေစားရတာကိုက အရသာရှိပါတယ်။

Facebook Comments