နံကထိ

by ပန်းခရေ for Food Magazine

          အညာဒေသက ရင်ကို အေးမြစေတဲ့ နံကထိလေး လုပ်စားကြည့်ရအောင်နော်။ မုန့်လက်ဆောင်းဖတ်အဖြူကို ထန်းလျက်ရည်ကျဲလေး၊ ကောက်ညှင်းပေါင်း၊ အုန်းသီးဆံ၊ နှမ်းထောင်းနဲ့အတူ နံ့သာပုဆီနံ့သင်းသင်းလေးနဲ့ အညာနွေပူပူမှာ ရင်ကို တကယ်အေးမြစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ နံကထိပါရှင်။

ပါဝင်ပစ္စည်းများ

မုန့်လက်ဆောင်းဖတ်  –  ၂၅ ကျပ်သား

ကောက်ညှင်း  –  အနည်းငယ်

ထန်းလျက်  –  ၅၀ ကျပ်သား

နှမ်းလှော်  –  ၅ ကျပ်သား

အုန်းသီး  –  ၁ လုံး

နံ့သာပုဆီ  –  စတီးဇွန်း ၁ ဇွန်း

ရေ  –  ၁ လီတာ

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

          ထန်းလျက်ကို ဆားထည့်ပြီး ရေကျဲကျဲမွှေးမွှေးလေး ကျိုထားပါ။ အုန်းသီးဆံကို ခြစ်ထားပါ။

          နှမ်းလှော်ကို မညက်တညက် ထောင်းထားပါ။ နံ့သာပုဆီ စတီးဇွန်း ၁ ဇွန်းကို ရေ ၁ လီတာလောက်နဲ့ ဖျော်ထားပါ။

          ပွဲပြင်တဲ့အခါ ဖန်ခွက်ထဲ ကောက်ညှင်းအနည်းငယ်နဲ့ မုန့်လက်ဆောင်းဖတ်ထည့်ပြီး ထန်းလျက် ရည်လောင်းပါ။ အပေါ်ကနေ နှမ်းထောင်းဖြူး၊ အုန်းသီးဆံတင်ပါ။ နံသာပုဆီ အနည်းငယ်ဆွတ်ပေးပြီး သုံးဆောင်လို့ရပါပြီ။

Facebook Comments