ဒေသရိုးရာ တိုင်းရင်းအစားအစာ

by စံလွင် (ငါးဦးစီး) for Food Magazine

ဟင်းကပေါင်းသီး ပုစွန်ရခိုင်ချက်

ဟင်းကပေါင်းသီးကို တောင်ငူ၊ မကွေးနှင့် ရခိုင်ပြည်နယ်ဘက်တို့မှာ ထွက်ရှိတာ တွေ့ရပါတယ်။ မိုးရာသီမှာသာ ရရှိတတ်တဲ့ သဘာဝသီးနှံမျိုးဖြစ်ပြီး စားရင်လည်း နူးညံ့ကာ ချိုဆိမ့်တဲ့ အရသာရှိလို့ စားဖူးကြသူတိုင်းလိုလို စွဲမက်ကြပါတယ်။ ဟင်း ကပေါင်းသီးကို သူ့အတိုင်း ကြော်ချက်လေး ချက်စားကြသလို အသားအမျိုးမျိုးနဲ့ ရောပြီးတော့လည်း ကြော်စား၊ ချက်စားကြပါတယ်။

ပါဝင်ပစ္စည်းများ

ဟင်းကပေါင်းသီး –  ၁၀ လုံး

ပုစွန်ကျော့ –  ၅ ကျပ်သား

ကြက်သွန်ဖြူ –  ၁ လုံး

ကြက်သွန်နီ –  ၂ လုံး

ငရုတ်သီးစိမ်း –  ၅ တောင့်

မျှင်ငါးပိ၊ ဆား၊ နနွင်းမှုန့် –  သင့်တော်သလို

ပြုလုပ်နည်း

၁။        ဟင်းကပေါင်းသီးများကို အလုံးလိုက်ရေဆေးပြီး ကြီးလျှင် ၆ စိတ်၊ သေးလျှင်

၄ စိတ် စိတ်ပါ။

၂။         ကြက်သွန်နီ/ဖြူကို နွှာပြီး အသင့်ထောင်းထားပါ။ ငရုတ်သီးစိမ်းတောင့်များကို ရေဆေးပြီး အနေတော် လှီးဖြတ်ထားပါ။

၃။        ပုစွန်ကျော့ကလေးများကို အမြီးနှင့် ခေါင်းသင်၍ ရေဆေးပြီး ဆား၊ နနွင်းမှုန့် တို့နှင့် နယ်ထားပါ။

၄။        အားလုံးအသင့်ဖြစ်လျှင် မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဟင်းကပေါင်းသီး၊ ပုစွန်၊ ကြက်သွန်နီ/ဖြူ ထောင်းပြီးသားအရောထည့်၍ မျှင်ငါးပိကို ရေဖျော်ထည့်ပြီး အဖုံးအုပ်ချက်ပါ။

၅။        ဟင်းအိုးဆူလာလျှင် အဖုံးဖွင့်၍ အနှံ့မွှေပြီး အသီးများနူးအောင် ချက်ပါ။ ဟင်း

ကပေါင်းသီးက နူးညံ့လို့ အကျက်မြန်ပါတယ်။ အိုးချခါနီးမှာ အပေါ့အငန်မြည်း၍ ငရုတ်သီးစိမ်းအုပ်ပြီး အရည်စပ်စပ်လေးဖြင့် မီးဖိုပေါ်မှ ချပါ။ နူးနူးညံ့ညံ့ ချိုစပ်အရသာ ဟင်းကပေါင်းသီး ပုစွန်ရခိုင်ချက်ကလေးကို ရပါပြီ။

Facebook Comments