ဒိန်ချဉ်နို့ပေါင်မုန့်

by Chef Saw Sar Mular for Food Magazine

ပြုလုပ်ချိန် ၂ နာရီ ၄၀ မိနစ်၊ အရေအတွက် ၃၀ ဂရမ်၊ ၂၆ လုံး

          နွားနို့အစား ဒိန်ချဉ်ချည်းပဲ သုံးလို့ရတယ်။ ဒိန်ချဉ်အစား Butter Milk သုံးလို့ရပါတယ်။ အချိုကြိုက်တဲ့သူအတွက်တော့ သကြား ၄၀ ဂရမ်ကနေ ၁၅၀ ဂရမ်အထိ ထည့်လို့ ရပါတယ်။ ဂျုံအမျိုးအစားပေါ် မူတည်ပြီး ဂျုံနယ်တဲ့အချိန် အနည်းငယ် ပျော့နေရင် ဂျုံနဲ့ နည်းနည်းထပ်ရောပြီးတော့ နယ်ပါ။ အနည်းငယ်မာရင်တော့ နွားနို့ (သို့) ဒိန်ချဉ် (သို့) ရေအနည်းငယ် ပြန်လိုက်ထည့်ပေးခြင်းအားဖြင့် လိုချင်တဲ့ အပျော့အမာကို ဖြည်းဖြည်းချင်း ညှိယူပါ။

          Topping ကိုတော့ လက်ရှိသုံးနေတဲ့အရာတွေထက် မိမိကြိုက်နှစ်သက်ရာ နေကြာစေ့၊ ဖရုံစေ့တို့ကိုလည်း သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ဝ ဂရမ်

Yeast (ပွဆေး)  –  ၇ ဂရမ်

ဆား  –  ၇ ဂရမ်

ဒိန်ချဉ်  –  ၂၀ဝ ဂရမ်

နွားနို့  –  ၁၀ဝ ဂရမ်

Topping

          အုတ်ဂျုံ၊ ဘိန်းစေ့၊ နှမ်းစေ့ (အဖြူ/ အမည်း)၊ ကြက်ဥ၊ နွားနို့။

ပြုလုပ်နည်း

၁။       ဒိန်ချဉ်၊ နွားနို့၊ Yeast (ပွဆေး)ကို အရည်ဖျော်ပြီး စက်ထဲထည့်၍ ဂျုံမှုန့်နှင့် ရောမွှေပါ။ ၁ မိနစ်ကြာမှ ဆားထည့်၍ medium speed သို့ပြောင်းပြီး ၅ မိနစ်ခန့်မွှေ၍ ဂျုံသားကို နယ်ပြီး လက်နှင့် ဂျုံလုံးလေးတစ်လုံးကို ယူ၍ ဖိဆွဲကြည့်ပါ။ ပလတ်စတစ်လို ပါးပါးလေးဖြစ်နေပြီး မုန့်သားမပြတ်ထွက်တော့ဘူးဆိုလျှင် ဂျုံကို ဆက်နယ်ဖို့ မလိုတော့ပါ။ ဂျုံသားပြတ်ထွက်လျှင် ထပ်မံ၍ ဆက်ပြီး နယ်ပေးပါ။

၂။       နယ်ပြီး အဆင်သင့်ဂျုံသားကို လက်နှင့်ရိုက်ပြား၍ လေထုတ်ပြီး ဂျုံဘေးအနားသား အားလုံးကို အလယ်စုလုံး၍ ဇလုံထဲထည့်ပါ။ အပေါ်မှ လေသလပ်လျှင် အရေခွံ မခြောက်အောင် ပလတ်စတစ်အုပ်၍ မိနစ် ၂၀ ခန့် အနားပေးပြီး အပွခံပါ။ မိနစ် ၃၀ ခန့်ကြာလျှင် နောက်တစ်ကြိမ် နဂိုထက်တစ်ဝက်နီးပါးကြီးနေသော ဂျုံကို ပထမအတိုင်း လေထုတ်၍ ရိုက်ပြားပြီး ပြန်လုံး၍ မိနစ် ၃၀ ခန့် ထပ်မံအပွခံပါ။

၃။       ထိုသို့ နှစ်ကြိမ်အပွခံပြီး ဂျုံလုံးလေးများကို တစ်လုံးလျှင် ၃၀ ဂရမ်စီ ဖြတ်ပြီး အလုံးလေးများ လုံး၍ မုန့်ဖုတ်ဗန်းကို မကပ်အောင် ဆီသုတ်ပြီး ထည့်စီပါ။ ပြီးလျှင် လုံးထားသည့် အရွယ်အစားထက် တစ်ဆနီးပါးကြီးလာသည်အထိ အပွခံပါ။ အခန်းအပူချိန်ဖြင့် အပူခံလျှင် အခန်းအပူချိန်ပေါ်မူတည်ပြီး ၄၅ မိနစ်၊ ၁ နာရီ ကြာအောင် အပွခံရပါမယ်။ အပွခံတဲ့အချိန်မှာ ပေါင်မုန့်အပေါ်ပိုင်း အရေခွံတွေမခြောက်သွားအောင် ပလတ်စတစ်အုပ်ထားပြီး (သို့) လေလုံသော Cabinet (ဗီရို)ထဲ ထည့်သိမ်း၍ အပွခံသင့်ပါတယ်။ တစ်ဝက်လောက် အပွခံပြီးလျှင် ကြက်ဥ ၁ လုံးခွဲ၊ နွားနို့ စားပွဲဇွန်း ၂ ဇွန်းနဲ့ အရည်ဖျော်ပြီး တစ်ဝက်ပွနေသော ပေါင်မုန့်လုံးလေးများပေါ်သို့ ဘရပ်ရှ်ဖြင့် ဖြည်းညင်းစွာ သုတ်ပေးပါ။ ကြက်ဥ သုတ်ထားသော ပေါင်မုန့်လုံးများပေါ်သို့ ဘိန်းစေ့၊ နှမ်းစေ့အဖြူ/အမည်း၊ ဥအေ စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာများကို ဖြူးလို့ရပါတယ်။ ပြီးလျှင် ပြန်၍ အပွခံပါ။

၎။       မီးအပူချိန် အပေါ်အောက် ၂၀ဝ˚C ကြိုဖွင့်ထားပါ။ နဂိုဂျုံလုံးလေးတွေထက် တစ်ဆနီးပါး ပွလာပြီဆိုလျှင် အသင့်အပူချိန်ရှိသော မီးဖိုထဲသို့ ထည့်၍ ၁၀ မိနစ်ခန့် ဖုတ်ပါ။ ရွှေဝါရောင်သန်းလာလျှင် ရပါပြီ။ အအေးခံပြီး အနှစ်ထောပတ်၊ မရောနိစ်၊ ကော်ဖီ၊ လက်ဖက်ရည်တို့ဖြင့် မိမိကြိုက်နှစ်သလို တွဲ၍ အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Facebook Comments