တီလားပီးယားမွကြော်သုပ်

by May Phyo Thi for Food Magazine

          အဲဒီမီနူးလေးကတော့ ထိုင်းနိုင်ငံက စတင်လာခဲ့ပြီး ယခုမြန်မာပြည်မှာလည်း တွင်ကျယ်စွာ သုံးဆောင်လာတာကို တွေ့ရပါတယ်။ နောက်ပြီး ပုံမှန်ဆိုရင်တော့ ငါးခူရဲ့ အချိုဓာတ်နဲ့ ပြုလုပ်ကြတာများပေမယ့် ဈေးလည်း သင့်ပြီး အရိုးလည်း နွှင်ရလွယ်ကူအောင် တီလားပီးယားငါးကို အသုံးပြုထားပါတယ်။ အဲဒါနဲ့တွဲစားမယ့် အချဉ်လေးက သရက်သီး လေးတွေထည့်ထားတော့ ဒီရာသီနဲ့ အရမ်းလိုက်ဖက်လွန်းပါတယ်။ နောက်ပြီး အခြားဟင်းပွဲတွေ မလိုလောက်အောင် ငါးရံ့အချိုအရသာနဲ့ အချဉ်ရဲ့ ချဉ်၊ ငန်၊ စပ် အရသာက ထမင်းတစ်နပ်စာအတွက် ပြီးပြည့်စုံနေပါတယ်။

ပါဝင်ပစ္စည်းများ

တီလားပီးယားငါး  –  ၂၅၀ ဂရမ်

သရက်သီးစိမ်း  –  ၁ လုံး

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးအနီ  –  ၆ တောင့်ခန့်

သကြားညို  –  စားပွဲဇွန်း ၂ ဇွန်း

ငါးငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

သံပရာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်နီ  –  ၁ ဥ

ဆီ  –  ကြော်ရန် (အလုံအလောက်)

Bread Crumb  –  စားပွဲဇွန်း ၂ ဇွန်း

ထည့်နယ်ရန် ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

မြေပဲ  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       တီလားပီးယားငါးကို ပဲငံပြာရည်အကြည်နှင့် နယ်ပြီး ပေါင်းပါ။ ထို့နောက် အအေးခံပြီး ပိတ်စိမ်းပါးဖြင့် အရည်ညှစ်ပါ။ ထို့နောက် အသားလေးများမွလာအောင် Bread Crumb နှင့် ဆီအနည်းငယ်ထည့်ပြီး ထောင်းပါ။ ဆီထည့်ခြင်းဖြင့် အိုးထဲမှာ ကြော်သည့်အခါ အသားများ တပူးတတွဲတည်း ပိုပြီး ကပ်နေစေပါတယ်။

၂။       ထို့နောက် ဆီပူထဲ ငါးအသားများထည့်ကြော်ပြီး ဘေးကနေအလယ်ကို တွန်းပို့ပေးပါ။ တစ်ဖက် ၁၀ မိနစ်စီခန့် ကြော်ပြီးလျှင် ဆော့စ်ဖျော်ပါ။

၃။       ငရုတ်ကျည်ပွေ့ထဲ ငရုတ်သီးအနီကို ထည့်၍ထောင်းပါ။ ထို့နောက် သကြားညိုကို ထည့်ပါ။ ပြီးလျှင် ငါးငံပြာရည်၊ သံပရာရည် ထည့်မွှေပြီး ကြက်သွန်နီ၊ သရက်သီးစိမ်းမျှင်များထဲသို့ လောင်းထည့်ပါ။ ပူဒီနာများကြိုက်ပါက အရွက်လိုက်ထည့်ပါ။

၎။       ကြော်ထားသောငါးကို ဆယ်ယူ၍ မြေပဲလေးများဖြူးပြီး ဆော့စ်၊ ထမင်းဖြူတို့နှင့် တွဲစားနိုင်ပါတယ်။

Facebook Comments