
by May Phyo Thi for Food Magazine
ဆိတ်ခြောက်လက်ဖက်သရက်ထောင်းလေးဟာဆိုရင် အခြားတွဲဖက်ဟင်းများ မလိုအပ်ဘဲ ရေနွေးကြမ်းလေးတစ်ခွက်ရှိရုံဖြင့် ထမင်းဖြူလေးနဲ့ မြိန်ယှက်စွာ စားသုံးနိုင်မယ့် ဟင်းပွဲလေးပဲဖြစ်ပါတယ်။ အဲဒီအထောင်းလေးကို ဆိတ်သားအစို (သို့) ဝက်ကုပ်သားလေးများဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဆိတ်သားခြောက် – ၁၀ဝ ဂရမ်
လက်ဖက်နှပ် – ၇၀ ဂရမ်
မချစ်စုသရက်သီး – ၁ လုံး
ငရုတ်သီးစိမ်း – ၁၅ ဂရမ်
ကြက်သွန်ဖြူ – ၅ မြွှာ
ခရုဆီ – စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက် – စားပွဲဇွန်း ၁ ဇွန်း
သံပရာသီး – ၁ လုံး
ဆား – အနည်းငယ်
ဆီ – အနည်းငယ်
နံနံပင် – အနည်းငယ်
ပြုလုပ်နည်း
၁။ အထောင်းလေးအတွက်ကိုတော့ အသားကို အရင်ပြုလုပ်ရပါမယ်။ ဆိတ်သား ခြောက်ကို မိနစ် ၃၀ ခန့် ရေကြိုစိမ်ထားပြီး မိနစ် ၂၀ ခန့် ပြုတ်ပါ။ ထို့နောက် အတုံးလေးများကို ဆယ်ယူပြီး ပြားနေအောင် ထုပေးပါ။ အဲဒီ ဆိတ်သားခြောက် ထုထားသည်များကို ခရုဆီ၊ ပဲငံပြာရည်အနောက်ဖြင့် နယ်၍ နှပ်ထားပြီး ဒယ်အိုးမှာ ဆီအနည်းငယ်ဖြင့် ကြော်ပါ။ ကြော်ပြီးပါက ခေတ္တဘေးဖယ်ထားပါ။
၂။ ငရုတ်ဆုံထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်များ ထည့်ထောင်းပါ။ ထို့နောက် ကြော်ထားသော အသားများကို ထည့်ပြီး ထောင်းပါ။ အနည်းငယ်ထောင်းပြီးပါက လက်ဖက်နှပ်ကို ထည့်ပါ။ သံပရာသီးညှစ်ပြီး ဆားအနည်းငယ်ထပ်ထည့်ပါ။
၃။ နှံ့စပ်ပါက မချစ်စုသရက်သီးခြစ်ထားသည်များ ထည့်မွှေ၍ ထောင်းပြီး ပန်းကန်မှာ အလှဆင်ကာ ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါတယ်။