ဆိတ်သားလုံး အာလူးချက်

by ပန်းခရေ for Food Magazine

ပါဝင်ပစ္စည်းများ

ဆိတ်သား (လုံးရန်အတွက်)  –  ၂၅ ကျပ်သား

ကြက်သွန်နီ  –  ၃ ဥ

ကြက်သွန်ဖြူ  –  ၁ ဥ (ဥသေး)

ချင်း  –  လက်တစ်ဆစ်

ဇီရာစေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘိန်းစေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း  –  အနည်းငယ်  (အနည်းငယ်ထည့်ရင် ပိုမွှေးပါတယ်)

*  လူကြီးသူမများနဲ့ ကလေးသူငယ်စားရင်တော့ မထည့်လည်း ရပါတယ်။

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ချက်ရန်အတွက်

အာလူး  –  ၂၅ ကျပ်သား (၄ စိတ်စိတ်ပြီး ကြော်ထားပါ)

ဆီ  –  ၁၀ ကျပ်သား

ဒိန်ချဉ်  –  စားပွဲဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာ  –  အနည်းငယ်

ကြက်သွန်နီကြော်  –  ရေနွေးကြမ်းပန်းကန်လုံး ၁ လုံး

ပြုလုပ်နည်း

          ဆိတ်သားကို ရေဆေးပြီး ကြိတ်လို့ကောင်းရုံ အတုံးလေးတွေ တုံး၍ မီးဖိုဆောင်သုံး အဝတ်နဲ့ ရေကုန်အောင် ခဏထုပ်ထားပါ။ ဆိတ်သားထဲ ရေတွေပါနေလျှင် လုံးတဲ့အခါ ပျော့နေတတ်ပြီး ချက်တဲ့အခါလည်း ကွဲထွက်တတ်ပါတယ်။ ရေစစ်ပြီး ဆိတ်သားကို ကြိတ်စက်ထဲ ကြက်သွန်နီ ၃ လုံး နုပ်နုပ်စဉ်း၊ ငရုတ်သီးစိမ်းတောင့်နှင့်အတူ ညက်သည်အထိ ရောကြိတ်ပါ။ ဇီရာစေ့နှင့် ဘိန်းစေ့ကို မီးအေးအေးနဲ့လှော်ပြီး ထောင်းပါ။ ညက်လာလျှင် ကြက်သွန်ဖြူ၊ ချင်းကို ရောထောင်းပြီး ကြိတ်ထားသော ဆိတ်သားထဲထည့်ပါ။ ဆား၊ အရသာ၊ သကြားထည့်ပြီး ပိုင်ပိုင်နိုင်နိုင်လေး အစေးပေါက်အောင် နယ်ပါ။ အချိန်ရသေးလျှင် နာရီဝက်ခန့် ရေခဲသေတ္တာထဲ နှပ်ထားပြီးမှ လုံးလျှင် ပိုစားကောင်းပါတယ်။ ချက်မည့် အိုးထဲ ဆီထည့်ထား၍ ဆိတ်သားကို အနေတော်လုံးလေးတွေ လုံးပြီး အိုးထဲ စီထည့်ပါ။ ပြီးလျှင် ဒိန်ချဉ်ကို အပေါ်က ဖြန့်ထည့်ပြီး မီးအေးအေးနဲ့ ဆိတ်သားလုံးအိုးကို တည်ပါ။ လုံးဝရေမထည့်ပါဘူး။ ဆိတ်သားက ရေထွက်တတ်ပြီး ဒိန်ချဉ်လည်း ထည့်ထားတာကြောင့် ရေထွက်လာပါမယ်။ ဆိတ်သားလုံးတွေ ကျစ်လာပြီး ရေလည်းထွက်ပြီဆိုလျှင် ကြက်သွန်ကြော်ကို ဆား၊ အရသာနဲ့ နယ်ခြေထည့်ပါ။ ကြော်ထားတဲ့ အာလူးထည့်ပါ။ ဆီပြန်ပြီး ခြောက်လာလျှင် မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ဆိတ်သားလုံးအာလူးချက်လေး ရပါပြီ။

Facebook Comments