ဆန်ဘယ်ငရုတ်သီးအနှစ် ထမင်းကြော် (Fried Rice with Sambalchilli Paste)

by Htain Lin Maung for Food Magazine

ပုစွန်လေးထည့်ပြီး ထမင်းကို ဆန်ဘယ်ငရုတ်သီးအနှစ်လေးနဲ့ ကြော်ထားပါတယ်။ ဆန်ဘယ်ငရုတ်သီးအနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့ ထင်ရှားတဲ့ ငရုတ်သီးအနှစ်တစ်မျိုးပါ။ အရသာကတော့ အချိုနည်းနည်း၊ အချဉ်နည်းနည်းနဲ့ အစပ်တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ထမင်း –  ပန်းကန်လုံး ၂ လုံး

ပဲစိမ်းလုံး –  အနည်းငယ်

ပြောင်းဖူး –  အနည်းငယ်

ဥနီ –  အနည်းငယ်

ပုစွန် –  ၅၀ ဂရမ်

ကြက်သားမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ပုစွန်ကို အခွံခွာ၍ သန့်စင်ပြီး ဆီအနည်းငယ်ဖြင့် ၁ မိနစ်ခန့် ချက်ပါ။

၂။       ထမင်းဖြူထည့်ပြီး ၁ မိနစ်ခန့်မွှေပါ။

၃။       ချက်ထားသော ငရုတ်သီးအနှစ် ၃ ဇွန်း၊ ကြက်သားမှုန့်၊ ပဲစိမ်းလုံး၊ ပြောင်းဖူးနှင့် ဥနီ တို့ကို ထည့်၍ သမအောင်မွှေပြီး ၂ မိနစ်ခန့် ချက်ပါ။

၎။       ပြီးလျှင် ပန်းကန်ထဲ ထည့်ပြီး စားသုံးနိုင်ပါပြီ။

ငရုတ်သီးအနှစ်အတွက် ပါဝင်ပစ္စည်းများ

ငရုတ်သီးအနှစ် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးအကြမ်းဖတ် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပုစွန်ခြောက်မှုန့် –  လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  ၁ လုံး

စပါးလင် –  ၁ ပင်

ချင်း –  အနည်းငယ်

မန်ကျည်းအနှစ်ရည် –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ကြက်သားမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငါးပိ –  အနည်းငယ်

ငရုတ်သီးအနှစ်ပြုလုပ်နည်း

၁။       ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံနွှာပါ။ မန်ကျည်းအနှစ်ကို ရေ အနည်းငယ် ထည့်ပြီး စိမ်ထားပါ။ ဥနီကို အတုံးသေးသေးလှီးပါ။

၂။       စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းတို့ကို ကြေညက်အောင် ကြိတ်ပြီး ဆီပူပူ ထဲမှာ ဦးစွာ ဆီသတ်ပါ။

၃။       ငရုတ်သီးအနှစ်၊ ငရုတ်သီးအကြမ်းဖတ်၊ ပုစွန်ခြောက်မှုန့်၊ ငါးပိ၊ ကြက်သားမှုန့်၊ သကြား နှင့် မန်ကျည်းအနှစ်ရည်တို့ကို ထည့်ပြီး ၃ မိနစ်ခန့် ချက်ပါ။

၎။       အရသာမြည်းပြီး ပန်ကန်လုံးထဲ ထည့်ထားပါ။

Facebook Comments