စီလုံတီး

by ပန်းခရေ for Food Magazine

          နွားနို့ပျစ်ပျစ်၊ မလိုင်များများနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်တစ်ဝက်၊ နွားနို့နှင့် မလိုင် တစ်ဝက်လောက်ထည့်ထားတဲ့ ခပ်ဆိမ့်ဆိမ့် နို့နံ့မွှေးမွှေးနဲ့ မလိုင်အသားပေးစီလုံတီးပါ။

ပါဝင်ပစ္စည်းများ

လက်ဖက်ခြောက်အချိုခြောက်  –  အကြမ်းပန်းကန်လုံး ၁  ၁/၂ လုံး

ဆား  –  လက်ဖက်ရည်ဇွန်းဖျားနှင့် အနည်းငယ်

နို့ဆီ  –  လက်ဖက်ရည်ဇွန်း ၁၀ ဇွန်း

နို့စိမ်း  –  အကြမ်းပန်းကန်လုံး ၁/၂ လုံး

နွားနို့မလိုင်  –  ကော်ဖီခွက်၂  ၁/၂ ခွက်

သကြား  –  လက်ဖက်ရည်ဇွန်း ၄ ဇွန်း (အချိုကြိုက်လျှင် ပိုထည့်နိုင်ပါတယ်)

ရေ  –  ကော်ဖီခွက် ၅ ခွက်

ပြုလုပ်နည်း

          ဦးစွာ ရေကို ကော်ဖီခွက် ၅ ခွက်စာ ဆူအောင် တည်ပါ။ ဆူလာလျှင် လက်ဖက်ခြောက်နှင့် ဆားခတ်ပြီး လက်ဖက်ရည်အိုးကို ကျနေအောင် နှပ်ပါ။ ၅ ခွက်စာဖျော်ဖို့ ၁၅ မိနစ်ခန့် မီးအရှိန်အလယ်အလတ်နဲ့ ကျအောင် နှပ်ပါ။ လက်ဖက်ရည်က လက်ဖက် ခြောက်နှပ်ရာမှာ အဓိကကျပါတယ်။ လက်ဖက်ခြောက်ကို ကျနေအောင် မနှပ်လျှင် သောက်လို့ မကောင်းသလို အရောင်လည်း မလှပါ။ ဒါကြောင့် သေချာ လေးနှပ်ဖို့ လိုပါတယ်။ နပ်နေပြီဖြစ်တဲ့ လက်ဖက်ရည်ကို လက်ဖက်ခြောက် မပါအောင် စစ်ယူပါ။ နို့ဆီ၊ နို့စိမ်း၊ သကြားနဲ့အတူဖျော်ပါ။ သောက်မယ့်ခွက်ထဲ ဖျော်ထားတဲ့ လက်ဖက်ရည် ထည့်ပြီးမှ အပေါ်ကနေ နွားနို့မလိုင်ကို ထည့်ပါ။ လက်ဖက်ရည်တစ်ဝက်၊ နွားနို့မလိုင် တစ်ဝက်လောက် အချိုးထည့်မှ စီလုံတီး အစစ်ပါ။

Facebook Comments