ငါးမာလာ မြေအိုးချဉ်စပ်

by ပန်းခရေ for Food Magazine

ပါဝင်ပစ္စည်းများ

ငါးရံ့အနေတော်  –  ၁ ကောင်

ငုံးဥပြုတ်ပြီး  –  ၅ လုံး

ပြုတ်ထားသောမျှစ်ချဉ်  –  အနည်းငယ်

ပါဝင်သောအသီးအနှံများ

မာလာအနှစ်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဟွာကျောက်စေ့  –  ၅ စေ့ခန့်

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ချင်း  –  လက်တစ်ဆစ်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အပျစ်  –  စားပွဲဇွန်း ၁ ဇွန်း

အရသာမှုန့်  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ရှမ်းနံနံ  –  အနည်းငယ်

ကုဆိုင်  –  အနည်းငယ်

သံပရာသီး  –  ၁ လုံး

ငရုတ်သီးစိမ်း  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း၂ ဇွန်း

ပြုလုပ်နည်း

          ဦးစွာ ငါးကို အကြေးထိုး၊ ပါးဟက်၊ အူနုတ်ပြီး ရေဆေးပါ။ ငါးတစ်ကောင်လုံးကို လက်တစ်လုံးအနေအထား အကွင်းလေးတွေကို ဗိုက်နားပြတ်ထွက်မသွားအောင် လှီးပါ။ ဒါဆိုလျှင် ငါးတစ်ကောင်လုံးကို လှပစွာ မြေအိုးထဲ ခွေထည့်လို့ရပါတယ်။ ငါးကို မြေအိုးထဲ လှပစွာ ခွေထည့်ပြီး မျှစ်ချဉ်ကို လက်တစ်လုံးစာလေးတွေ လှီးဖြတ်ထည့်ပါ။ ငုံးဥပြုတ်ကို အခွံနွှာ ထည့်ပါ။ အသီးအနှံများကို သူ့နေရာနဲ့သူ စိတ်ကူးရသလို လှပစွာစီထည့်ထားပါ။ ငရုတ်သီး အရောင်တင်မှုန့်ကို ချင်း၊ ကြက်သွန်ဖြူနှင့် ရောထောင်းပြီး ဆီပူအိုးထဲ ဟွာကျောက်စေ့နှင့် အတူ မွှေးလာသည်အထိ ဆီသတ်ပါ။ မွှေးလာလျှင် မာလာဟင်းအနှစ် ထည့်ပါ။ ရေနွေးဆူဆူ လီတာဝက်ခန့်လောင်းပါ။ ဆား၊ အရသာ၊ သကြား၊ ပဲငံပြာရည် ထည့်ပါ။ ပြီးလျှင် ဟင်းရည်ကို ဆီသတ်ထားတဲ့အဖတ်တွေ မပါအောင် စစ်ထုတ်ပါ။ အရည်တွေကို မြေအိုးထဲက အဆာပလာတွေထဲထည့်ပြီး မီးရှိန်ပြင်းပြင်းနဲ့ ငါးမာလာကို ၁၀ မိနစ်ခန့် ချက်ပါ။ အပေါ့အငန် အရသာမြည်းပါ။ အိုးချခါနီး ငရုတ်သီးစိမ်းဓားပြားရိုက်၊ ရှမ်းနံနံ၊ ကုဆိုင်ကို လက်တစ်ဆစ် အနေအထားလေးတွေ ဖြတ်ထားတာ ထည့်ပါ။ သံပရာရည် ညှစ်ထည့်ပြီးလျှင် ပူစပ်မွှေး ငါးမာလာချဉ်စပ်ရပါပြီ။ မြေအိုးမရှိလျှင် သင့်တော်ရာအိုးနဲ့ ချက်လို့ ရပါတယ်။

Facebook Comments