ငါးပုပ်ခြောက် ဝက်သုံးထပ်သားပေါင်း

by ပန်းခရေ for Food Magazine

          မင်္ဂလာပါရှင်… ငါးပုပ်ခြောက်ကို  မီးဖုတ်စားတာ၊ ကြော်စားတာ၊ ဟင်းချက်စားတာအပြင် ဒီလိုလေး ရေနွေးငွေ့နဲ့ပေါင်းစားလည်း အရသာရှိပါတယ်ရှင်။ ပေါင်းနည်းလေးက ရိုးရှင်းလွယ်ကူပြီး အချိန်ကုန်လည်း သက်သာလို့ ပေါင်းစားကြည့်ပါနော်။

ပါဝင်ပစ္စည်းများ

ငါးပုပ်ခြောက်  –  ၁ ပြား (လက် ၃ လုံးစာ)

ဝက်သား  –  ၁၀ ကျပ်သား

နနွင်း  –  အနည်းငယ်

ကြက်သွန်နီ  –  ၃ ဥ

ခရမ်းချဉ်သီး  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ပြုလုပ်နည်း

          ငါးပုပ်ခြောက်ကို လက်တစ်ဆစ်အတုံးလေးတွေတုံးပြီး ဆားရည်နဲ့ ခဏစိမ်ထားပါ။ ငါးခြောက်ကို အငန်ပေါ့ အောင် ဆားနုတ်တယ်လို့ခေါ်ပါတယ်။ ပြီးလျှင် ရေ ၃ ထပ်လောက် ပြန်ဆေးလိုက်ရင်ရပါပြီ။ ဝက်သားကိုလည်း  ရေဆေးပြီး လက်တစ်ဆစ် အတုံးလှလှလေးတုံးထားပါ။ နနွင်းနဲ့ အနည်းငယ်နယ်ထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ် သီးတို့ကို အဝိုင်းမထူမပါးလှီးပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပြီးပြီဆိုရင်တော့ ငါးပုပ်ခြောက်နဲ့ ဝက်သားကို စပြီး ပေါင်းလို့ရပါပြီ။ ပေါင်းမယ့် ကြွေပန်းကန်လုံးထဲ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို အရင်ခင်းပါ။ ဒါမှ ကြက်သွန်ဖြူရဲ့  အနံ့လေးက အပေါ်ကိုတက်လာပြီး ဟင်းလျာကို ပိုမွှေးစေပါတယ်။ ဝက်သားတုံးလေးတွေ တစ်ဝက်ကို အရင်စီထည့်ပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတစ်ဝက်ကို ဝက်သားပေါ်က ထပ်စီပါ။ ပြီးလျှင် ငါးပုပ်ခြောက် တစ်ဝက်ကို ဝက်သားတုံးလေးတွေအပေါ်ကနေ စီထားပါ။ ကျန်နေသေးတဲ့ တစ်ဝက်ကိုလည်း နောက်တစ်ခါ ထပ်ပြီး စီထားပါ။ ငါးပုပ်ခြောက်ကို ဝက်သား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးပေါ်က စီထားတာမို့ ငါးပုပ်ခြောက်ရဲ့ အငန်တွေက ဝက်သားဆီကို တိုက်ရိုက်ရောက်ပါတယ်။ ပြီးလျှင် ရေနွေးအိုးထဲပေါင်းမယ့်ြွေကဇလုံထည့်ပြီး နာရီဝက်လောက် ပေါင်းပါ။ အသားက မနူးလွယ်လျှင်  အချိန်ပိုကြာကြာ ပေါင်းနိုင်ပါတယ်။ အချိန်ပြည့်ပြီဆိုရင်တော့ ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ငါးပုပ်ခြောက်၊ ဝက်သုံးထပ်သားပေါင်း မွှေးမွှေးလေးရပါပြီ။ ဆီမပါ၊ အရသာမှုန့်မပါပေမယ့် ငါးပုပ်ခြောက်ရဲ့ အချိုအငန်အရသာနဲ့ ရိုးရှင်းပြီး သဘာဝဆန်တဲ့အရသာ ငါးပုပ်ခြောက် ဝက်သုံးထပ်သားပေါင်းပါရှင်။

Facebook Comments