ချိစ်ပေါင်မုန့် (Cheese Loaf)

by Chef Saw Sar Mular for Food Magazine

ပြုလုပ်ချိန် ၂ နာရီ ၅၀ မိနစ်၊ အရေအတွက် ၂ လုံး

          Cheese နဲ့ ပတ်သက်တဲ့ ပေါင်မုန့်တွေကို အမျိုးမျိုးလုပ်လို့ရပါတယ်။ ချိစ်နဲ့ ပတ်သက်လို့လည်း ကြိုက်နှစ်သက်ရာ သုံးလို့ရပါတယ်။ ဒီမှာတော့ Gouda Cheese ကို ခြစ်ပြီး ထည့်သုံးထားတာပါ။ ငရုတ်သီးအကျက်မှုန့်၊ မုန်ညင်းမှုန့်ကိုတော့ အရသာတစ်ခုအနေနဲ့ ထည့်သုံးထားတာ ဖြစ်ပါတယ်။ အစပ်မကြိုက်ဘူးဆိုရင် ဒီအတိုင်း ငရုတ်သီး၊ မုန်ညင်းမှုန့် ထည့်မသုံးလည်းရပါတယ်။ အဲဒီအစား အချိုကြိုက်မယ်ဆိုရင် သကြားကို ၄၀ ဂရမ်ကနေ ၁၀ဝ ဂရမ်အတွင်း ထည့်သုံးနိုင်ပါတယ်။ ဂျုံအမျိုးအစားပေါ် မူတည်ပြီး မုန့်သားမာရင် နွားနို့နဲ့ ရေအနည်းငယ် ပြန်ထည့်ပေးပါ။ မုန့်သားပျော့ရင်တော့ ဂျုံအနည်းငယ် လိုက်ပေးခြင်းအားဖြင့် မိမိကြိုက်နှစ်သလို မုန့်သားအပျော့အမာကို ဖြည်းဖြည်းချင်း ညှိပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ဝ ဂရမ်

Yeast (ပွဆေး)  –  ၇ ဂရမ်

ဆား  –  ၇ ဂရမ်

နွားနို့  –  ၂၀ဝ ဂရမ်

ကြက်ဥ  –  ၄ လုံး

ငရုတ်သီးအကျက်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

Mustard Powder (မုန်ညင်းမှုန့်)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Gouda Cheese  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       နွားနို့၊ ကြက်ဥ၊ ပွဆေးကို အရည်ဖျော်ပြီး ပေါင်မုန့်ဂျုံ၊ ငရုတ်သီးအကျက်မှုန့်၊ မုန်ညင်းမှုန့်၊ Gouda Cheese (သေးသေးခြစ်ပြီးသား)ကို စက်ထဲထည့်ပြီး ရောမွှေပါ။ ၁ မိနစ်ခန့်ကြာလျှင် ဆားထည့်၍ medium speed ဖြင့် ဆက်မွှေပါ။ ၆ မိနစ်ခန့်မွှေပြီးမှ ဂျုံသားနယ်ပြီး ဂျုံသား အနည်းငယ်ယူ၍ လက်နှင့်ဖိပြီး ဖြည်းဖြည်းချင်း ဂျုံသားပါးလာအောင် ဆွဲကြည့်ပါ။ ဂျုံသားပါး၍ ပြတ်ထွက်၊ ပြဲထွက်လျှင် ဆက်မွှေပါ။ ဂျုံသား မပြတ်ထွက်၊ မပြဲထွက်လျှင် ဂျုံကို ဆက်နယ်ဖို့ မလိုတော့ပါ။ စက်ထဲမှ ဂျုံလုံးကို ဆွဲထုတ်၍ ဦးစွာ လက်ဖြင့် ဂျုံကို ပြားပြီး ဘေးအနားတွေအားလုံး အလယ်စုလုံးထား၍ ဇလုံထဲထည့်ပြီး အပေါ်မှ ဂျုံသားမခြောက်အောင် ပလတ်စတစ်အုပ်ထားပါ။ မိနစ် ၃၀ ခန့်ထား၍ နဂိုဂျုံလုံးထက် တစ်ဆနီးပါး ကြီးလာလျှင် ပထမအတိုင်း လေထုတ်ပြီး ပြန်လုံး၍ မိနစ် ၃၀ ခန့် အနားပေးပါ။

၂။       ၂ ကြိမ်အပွခံ၍ အနားပေးပြီးသော ဂျုံလုံးကို နှစ်ပိုင်းပိုင်းပါ။ ၁ လုံးစီကို ရိုက်ပြား၍ လိပ်ပြီး မိုလ်ခွက်ထဲသို့ ထည့်၍ အပွခံပါ။ မိုလ်ခွက်က Non Stick မဟုတ်ရင် ဆီသုတ်ပါ။ မိုလ်ခွက်ဖြည့်ဖို့ လက်တစ်လုံးအလိုအထိ အပွခံပါ။

၃။       မီးအပူချိန် အပေါ်အောက် 180˚C နှင့် မိနစ် ၃၀ ခန့် ဖုတ်ပါ။ ပေါင်မုန့်အရောင် အပေါ်နဲ့ ဘေး ရွှေဝါရောင်သန်းလာလျှင် ရပါပြီ။ အရောင်မရသေးလျှင် ဆက်ဖုတ်ဖို့ လိုပါတယ်။ ကျက်ပြီဆိုလျှင် မိုလ်ခွက်ထဲဆွဲထုတ်ပြီး အအေးခံ၍ လက်တစ်လုံးပြားကာ slice လေးတွေဖြတ်ပြီး ထောပတ်၊ ယိုနှင့် မရောနိစ်၊ မိမိကြိုက်နှစ်သက်ရာ အသားငါး၊ ဟင်းသီးဟင်းရွက်တို့နှင့် ညှပ်ပြီး စားလို့ရပါတယ်။

Facebook Comments