Vol 8, No 4, April, 2019 Issue

အယ်ဒီတာ့စကား

          Food Magazine စာဖတ်ပရိသတ်ကြီးရေ… မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ပျော်ရွှင်ကြပါစေလို့ ဦးစွာဆုတောင်းပေးလိုက်ပါ တယ်နော်။

          ဧပြီလဆိုတာကတော့ မြန်မာတို့ရဲ့ ၁၂ လ ရာသီထဲမှာ ပထမဆုံးလဖြစ်တဲ့ တန်ခူးလဖြစ်ပြီး နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးတဲ့ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို တစ်နိုင်ငံလုံး စည်ကား သိုက်မြိုက်စွာ ကျင်းပတဲ့ လတစ်လလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်မှာ နှစ်ဟောင်းက အညစ်အကြေးတွေ ပပျောက် ကင်းစင်အောင် အတာရေနဲ့ တစ်ယောက်ကိုတစ်ယောက် ပက်ဖျန်း ကြတာလည်း ကြည်နူးစရာ မြန်မာ့ဓလေ့လေးတစ်ခု ဖြစ်ပါတယ်။ ဒီလိုသင်္ကြန်ပွဲတော်လိုမျိုး ပွဲတော်လေးကိုတော့ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှာလည်း ကျင်းပကြတာကို တွေ့ရပါတယ်။ မြန်မာ့သင်္ကြန်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးတွေ၊ စားချင်စဖွယ် သင်္ကြန်တွင်း အစားအစာလေးတွေကလည်း များပြားခြင်း၊ သင်္ကြန်တွင်း ဖျော်ဖြေမှုများ စတာတွေကြောင့် သင်္ကြန်နဲ့ ပတ်သက်တဲ့ မြန်မာတို့ရဲ့ စိတ်ခံစားမှုလေးတွေက တခြားပွဲတော်တွေထက် ပိုမိုစိတ်ဝင်စား၊ အမြတ်တနိုးနဲ့ ဆင်နွှဲကြပါတယ်လို့ ထင်မြင်မိပါတယ်။ ဒီလို သင်္ကြန်အချိန်ကာလမှာ တရားစခန်းဝင်မယ့်သူ၊ ရေပက်ခံ ထွက်မယ့်သူ၊ မဏ္ဍပ်ထိုင်မယ့်သူ၊ ခရီးသွားလာမယ့်သူနှင့် အလှူအတန်း စတုဒိသာကျွေးမယ့်သူတို့က ကိုယ်စီကိုယ်စီ အစီအစဉ်လေးတွေ ရေးဆွဲနေကြပြီဆိုတော့ ပရိသတ်ကြီးရော ဘယ်လိုအစီအစဉ်တွေ ရေးဆွဲထားပြီးပြီလဲ။

          ဒီလိုစိတ်ဝင်စားစရာ သမိုင်းကြောင်းအပြည့်အဝရှိတဲ့ သင်္ကြန်ကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ပိုမိုစိတ်ဝင်စားလာ တာကိုလည်း တွေ့ရပါတယ်။ သင်္ကြန်ပွဲတော်နဲ့ ပတ်သက်ပြီး ကိုရီးယားနိုင်ငံမှ ရုပ်သံအဖွဲ့က တကူးတက လာရောက်ရိုက်ကူးပြီး တွေ့မြင်ရတော့လည်း ကိုယ့်မြန်မာနိုင်ငံအပေါ်  ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုရိုးရာပွဲလေးတွေရယ်၊ ရိုးရာအစားအသောက် များကို ပိုမိုအဆင့်မြှင့်တင်မှသာ မိမိနိုင်ငံကို ကမ္ဘာက သိလာပြီး မြန်မာ့ဂုဏ် ပိုတက်လာမယ်လို့ ထင်မြင်မိပါတယ်။

          ဒီလထုတ် Food Magazine မှာတော့ သင်္ကြန်တွင်းမှာ စတုဒိသာလုပ်ကျွေးဖို့ပဲ ဖြစ်ဖြစ်၊ မိသားစုလိုက် ပျော်ပျော်ပါးပါးလုပ် စားဖို့ပဲဖြစ်ဖြစ် ချက်ပြုတ်စားသောက်နိုင်မယ့် မုန့်တွေ၊ ဟင်းတွေ ရေးသားဖော်ပြထားတာမို့ ဖတ်ရှုဖို့ မမေ့ပါနဲ့နော်။ ဒီလိုစားစရာ ချက်ပြုတ်နည်းတွေအပြင် အခုတစ်လော မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ မာလာရှမ်းကောနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးကိုလည်း ဖတ်ရှုရမှာဖြစ်တယ်လို့ သတင်းကောင်းပါးရင်း ပရိသတ်ကြီး နှစ်သစ်မှာ အတာရေနဲ့အတူ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။

Hsu Myat Oo

Food Editor

Facebook Comments

Menu