မင်္ဂလာပါ Food Magazine ပရိသတ်ကြီးရေ . . .
ပူပြင်းခြောက်သွေ့တဲ့ရာသီကို ရောက်လာပြီဖြစ်တာမို့ စာဖတ် ပရိသတ်ကြီးလည်း ပင်ပန်းနွမ်းနယ်နေကြပြီပေါ့နော်။ ဒါကြောင့် စာဖတ်ပရိသတ်ကြီးအနေနဲ့ ဒီလိုပူပြင်းတဲ့အချိန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်မယ့် အနေအထိုင်နဲ့ အစားအသောက်တို့ကို အထူးဂရုစိုက်ကြပါလို့ သတိလေးပေးလိုက်ရပါတယ်နော်။
ယခုမတ်လထဲမှာ ထူးခြားတဲ့တပေါင်းလပြည့်နေ့ရှိပြီးတော့ အဲဒီ တပေါင်းလပြည့်နေ့မှာလည်း ဘုရား၊ စေတီတို့မှာ ဗုဒ္ဓပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ရွှေတိဂုံစေတီ တော်မြတ်ကြီး မှာလည်း ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး အဲဒီပွဲတော်မှာ စားသောက်ဆိုင်တန်းတွေကနေလည်း အစားအသောက်မျိုးစုံကို ရောင်းချပေးနေပါတယ်။ ပရိသတ်ကြီးက မှာယူစားသောက်မယ်ဆိုရင် ဆိုင်အနေအထား၊ အစားအသောက် အပြင်အဆင်တို့ ကြည့်ရှုလေ့လာပြီးမှ ဝယ်ယူစားသောက်ကြပါလို့ အကြံပြုပါရစေ။ သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေက ငွေကုန်ရကျိုးမနပ်ဘဲ ဘေးဥပဒ်နဲ့သာ ကြုံရနိုင်ပါတယ်။
စာဖတ်ပရိသတ်ကြီးက မတ်လမှစပြီး ဟင်းခတ်အမွှေးအကြိုင်များအကြောင်းနှင့် အဲဒီ ဟင်းခတ်အမွှေးအကြိုင်များပါဝင်တဲ့ ဟင်းပွဲတွေအကြောင်းကို လစဉ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီလမှာတော့ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ စပါးလင်နဲ့ ပူဒီနာအကြောင်းကို လေ့လာနိုင်မှာဖြစ်တဲ့အပြင် စပါးလင်နဲ့ ပူဒီနာတွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းပွဲများကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အော်ဂဲနစ်အစားအသောက်များအကြောင်း သိကောင်းစရာများနှင့် အော်ဂဲနစ်စိုက်ပျိုးရေးအကြောင်းကို This & That ကဏ္ဍမှာ Yangon Saturday Market ရဲ့ ရန်ကုန်မြစ်ပြင် ခရီးစဉ်ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပြီးတော့ Food Magazine ရဲ့ ပင်တိုင်စားဖိုမှူး များကလည်း ကာလရာသီနဲ့ကိုက်ညီတဲ့ ဟင်းလျာများ၊ မုန့်များကို စာဖတ်ပရိသတ်ကြီး အလွယ်တကူ လိုက်လုပ်နိုင်အောင် ရေးသားထားပါတယ်ဆိုတဲ့အကြောင်းကို သတင်းကောင်း ပါးလိုက်ပါတယ်နော်။
Hsu Myat Oo
Food Editor